စစ်သည်တွေ ဦးနှောက်ထိခိုက်မှုအန္တရာယ်လျှော့ချဖို့ ပေါက်ကွဲမှုဆိုင်ရာမူဝါဒသစ်တစ်ရပ် အမေရိကန်တပ်မတော်ထုတ်ပြန်
PUBLISHED - August 14, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၄
ကာလရှည် ပေါက်ကွဲမှုဒဏ်ခံရခြင်းကြောင့် စစ်သည်တွေကြားမှာ ဦးနှောက်ထိခိုက်မှုအန္တရာယ် လျှော့ချဖို့ ရည် ရွယ်ထားတဲ့ မူဝါဒလမ်းညွှန်ချက်အသစ်တစ်ရပ်ကို အမေရိကန်တပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပုံမှန်ဆန်းစစ်လေ့လာမှုတွေပြုလုပ်ခြင်းဖြင့် တပ်မတော်သားအားလုံးရဲ့ “သိမြင်နားလည်နိုင်မှုစွမ်းရည်” (cognitive health) လေ့လာမှုတွေကို မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်ခ်စ် လက်မှတ်ရေးထိုးထားပြီး သောကြာနေ့က ဖြန့်ဝေခဲ့တဲ့ ထုတ် ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တပ်မတော်ထဲဝင်ရောက်တဲ့အချိန်ကစပြီး တောက်လျှောက် ပေါက်ကွဲမှုဒဏ်အကြိမ်ကြိမ်ခံခဲ့ရတဲ့ စစ်သည်တွေ အပေါ် ဖြစ်လာနိုင်ခြေရှိတဲ့ အကျိုးသက်ရောက်မှုတွေကို သတိပြုသိမြင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလမ်းညွှန် ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်တပ်မတော်ဟာ စစ်သည်တွေကို တရားဝင်တာဝန်ချထားခြင်းမပြုမီ ၎င်းတို့ရဲ့ “အ ခြေခံသိ မြင်မှုစစ်ဆေးခြင်း” ကိုသာ ဆောင်ရွက်ပေးပါတယ်။
ဒီစစ်ဆေးမှုက များသောအားဖြင့် လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးကာလတွေက ရရှိခဲ့တဲ့ ဖြစ်လာနိုင်တဲ့ ဦးနှောက်ထိ ခိုက်မှုကို သတိပြုသိမြင်နိုင်စွမ်းမရှိဘူးလို့ဆိုပါတယ်။
“လေကျင့်ရေးနဲ့ စစ်ဆင်ရေးကာလမှာ စစ်သည်တွေ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ဦးနှောက်ကျန်းမာရေး နဲ့ သိမြင်နားလည်နိုင်မှုဆောင်ရွက်ချက် (ခေါင်းကိုက်ခြင်း၊ တုံ့ပြန်နိုင်တဲ့အချိန်လျော့ကျခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း အစရှိသည်) တို့အပေါ် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးရွားတဲ့အကျိုးသက်ရောက်မှုကို ထုတ် ဖော်ပြသလေ့ရှိပါတယ်။” လို့ ကက်သလင်းဟစ်ခ်စ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ပေါက်ကွဲမှုဒဏ်ခံရမှုကနေ ဦးနှောက်ကျန်းမာရေးထိခိုက်မှုအကြောင်းကို ပြည်ပြည့်ဝဝ နားမလည်သေးပေမဲ့ ဆိုးရွားတဲ့ကျန်းမာရေးအကျိုးသက်ရောက်မှုတွေနဲ့ သိမြင်နိုင်မှုဆောင်ရွက်ချက်တွေပေါ် ထိခိုက်မှုရှိနေတာတွေ ကိုတော့ သတင်းတွေကြားနေရပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တာဝန်ထမ်းဆောင်နေတဲ့စစ်သည်တျွေအတွက် ကာလရှည်သိမြင်မှုစစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ်မှာ စတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
သိမြင်နိုင်မှုဆန်းစစ်လေ့လာခြင်းကို ပုံမှန်ဆောင်ရွက်သွားမယ့်အပြင် မူဝါဒအသစ်အရ တချို့လက်နက်တွေကို ပစ်ခတ်ရာမှာ ကာကွယ်ရေးအစီအစဉ်တွေကို တိတိကျကျ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအစီအစဉ်ထဲမှာ သင်တန်းမှာအသုံးပြုနေတဲ့ လက်နက်တွေပေါ်မူတည်ပြီး နည်းပြတွေအနေနဲ့ ဘေးကင်းလုံ ခြုံတဲ့အကွာအဝေးမှာ နေဖို့လည်း ပါဝင်ပါတယ်။
ဥပမာအားဖြင့် နည်းပြတွေဟာ ၈၄ မမ ကာဂူးစတက်နောက်ပွင့်ရိုင်ဖယ် (M3) ပစ်ခတ်မယ့်စစ်သည်နားကနေ ၁၆ ပေ (၄.၉ မီတာ) အကွာအဝေးက နေသင့်တယ်ဆိုတဲ့ အကြံပေးချက်ပါရှိပါတယ်။
ဒါ့အပြင် M107 စနိုက်ပါရိုင်ဖယ်ပစ်ခတ်တဲ့ သင်တန်းသားနဲ့လည်း အနည်းဆုံး ၇ ပေ (၂.၁ မီတာ) အကွာအဝေး က နေရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်း ပါရှိပါတယ်။
သွယ်ဝိုက်ပစ်ခတ်တဲ့လက်နက်တွေ ဒါမှမဟုတ် စိန်ပြောင်းပစ်ခတ်တဲ့အခါမှာ ပေါက်ကွဲမှုရဲ့ သက်ရောက်မှုက နေ ကင်းလွတ်အောင် မြေပြင်မှာ ဝပ်တွားနေရမယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုတွေကနေ လွတ်ကင်းစွာရှောင်ရှားနိုင်ဖို့ စစ်သည်တွေအတွက် အဆင့်မြင့်ကာကွယ်ရေးစနစ်တွေ ဆောင်ရွက်နိုင်ရေး အမေရိကန်လွှတ်တော်အမတ်တွေဆီက ဖိအားပေးမှုတွေ မြင့်တက်လာချိန်မှာ အခုလို ပေါက်ကွဲမှုဆိုင်ရာမူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
Ref: US Military Unveils New Blast Policy to Reduce Risk of Brain Injuries
#PeopleMedia