• Follow Us on

Home စစ်အေးတိုက်ပွဲကာလပြီးကတည်းက အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု နေတိုးအဖွဲ့စတင်ပြုလုပ်

စစ်အေးတိုက်ပွဲကာလပြီးကတည်းက အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု နေတိုးအဖွဲ့စတင်ပြုလုပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

 

မြောက်အတ္တလန်တိတ်စစ်ရေးစာချုပ်မဟာမိတ်အဖွဲ့ခေါ် နေတိုးအဖွဲ့ဟာ စစ်အေးတိုက်ပွဲကာလပြီးဆုံးကတည်း က အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၂၄ ရက်နေ့) က စတင်ဆောင်ရွက်ခဲ့ပါတယ်။

 

စစ်ရေးလေ့ကျင့်မှုမှာပါဝင်မယ့် အမေရိကန်စစ်သင်္ဘောတစ်စီးကလည်း အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ဥရောပနယ်မြေထဲက မဟာမိတ်တပ်တွေနဲ့ သွားရောက်ပူးပေါင်းဖို့အတွက် အမေရိကန်နိုင်ငံက ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

 

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်လာတဲ့အချိန်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ စီမံချက်ရေးဆွဲထားတဲ့ Steadfast Defender 24 (ခိုင်မြဲစွာကာကွယ်စောင့်ရှောက်သူ ၂၄) လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် ၉၀၀၀၀ ဝန်းကျင်ပါဝင်ဆင်နွှဲသွားမှာဖြစ်ကြောင်း အနောက် အုပ်စု စစ်မဟာမိတ်အဖွဲ့ဖြစ်တဲ့ နေတိုးအဖွဲ့က ပြောပါတယ်။

 

“မဟာမိတ်တပ်ဖွဲ့ကြီးဟာ မြောက်အမေရိကတိုက်ကနေ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်သန်းပြီး ဥရောပ- အတ္တလန်တိတ်နယ်မြေကို စစ်အင်အားဖြည့်တင်းဖို့အတွက် ၎င်းတို့ရဲ့စွမ်းရည်ကို ထုတ်ဖော်ပြသသွားမှာပဲ ဖြစ်ပါတယ်။” လို့ ဥရောပဒေသဆိုင်ရာနေတိုးမဟာမိတ်အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးခရစ္စတိုဖာကာဗိုလီက ပြောပါတယ်။

 

“Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုဟာ ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေအချင်းချင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကာအကွယ်ပေးဖို့၊ ကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေနဲ့ နိုင်ငံတကာဥပဒေကို အခြေခံထားတဲ့ဥပဒေ တွေကို အကာအကွယ်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ အင်အားနဲ့ ခိုင်မာပြတ်သားတဲ့ သံန္နိဋ္ဌာန်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားလို ပြိုင်ဘက်နိုင်ငံကြီးတစ်နိုင်ငံက တိုက်ခိုက်လာတဲ့အချိန်မှာ ၃၁ နိုင်ငံပါဝင်တဲ့ နေတိုးမဟာမိတ်နိုင်ငံတွေက စုပေါင်းတိုက်ခိုက်သွားနိုင်ရေးအတွက် သဏ္ဍန်တူလေ့ကျင့်မှုပြုလုပ်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီစစ်ရေးလေ့ကျင့်မှုကြီးထဲမှာ စစ်ရေးလေ့ကျင့်မှုအစိတ်အပိုင်းပေါင်းများစွာ ပါဝင်ပေါင်းစပ်သွားမှာဖြစ်ပြီး မြောက် အမေရိကတိုက်ကနေ ရုရှားနယ်စပ်နဲ့ နီးကပ်တဲ့ နေတိုးအဖွဲ့ရဲ့ အရှေ့ပိုင်းစစ်တောင်ပံအထိ လေ့ကျင့်ခန်းတွေပြု လုပ်သွားမှာဖြစ်ပါတယ်။

 

စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောအစီး ၅၀ ဝန်းကျင်၊ လေယာဉ် အစင်း ၈၀ ဝန်းကျင်နဲ့ တိုက်ခိုက်ရေးယာဉ် အစီး ၁,၁၀၀ ဝန်းကျင်ပါဝင်သွားမှာဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့အတွက် နေတိုးအဖွဲ့က ၎င်းတို့ရဲ့ကာကွယ် ရေးအစီအစဉ်တွေကို အလုံးစုံပြန်လည်ပြုပြင်နေစဉ်အတွင်း စစ်အေးတိုက်ပွဲကာလ Reforger စစ်ရေးလေ့ကျင့် မှုပြုလုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုအဖြစ် လက်ရှိ စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးကတည်းက ရုရှားရန်က ကာကွယ်ဖို့အတွက် နေတိုးမဟာမိတ်နိုင်ငံတွေ ဟာ ၎င်းတို့နိုင်ငံအသီးသီးက တပ်ဖွဲ့ဝင်အများအပြားကို နေတိုးအရှေ့ဖျားစစ်တောင်ပံကို စေလွှတ်ထားပြီး ပိုမို ကြီးမားကျယ်ပြန့်တဲ့ စစ်ရေးစီမံချက်တွေကို ရေးဆွဲခဲ့ကြောင်း သိရပါတယ်။

 

Ref: NATO Kicks off Largest Military Exercise in Decades

 

#PeopleMedia


Share this post