စဉ့်ကူးမြို့နယ်တွင် အထက်တန်းကျောင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် နှစ်ဦးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - February 26, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် နှစ်ဦးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၅) ရက် နံနက် (၉) နာရီခွဲခန့်က ကျည်တောက်ပေါက်ကျေးရွာ အထက်တန်းကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်နှင့် ဆယ်အိမ်မှူးတစ်ဦးတို့သည် ကျောင်းမျက် နှာချင်းဆိုင်ရှိ မုန့်ဆိုင်တွင် မုန့်သွားစားရာမှ PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားကြောင်း သိရသည်။
“ကျည်တောက်ပေါက်ရွာ အထက်တန်းကျောင်းမှာ လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်က သူနဲ့ ဆယ်အိမ်မှူးတစ်ယောက်နဲ့ စာသင်ကျောင်းကနေ မနက် (၉)နာရီလောက်က ထွက်တယ်။ ကျောင်းမျက် နှာချင်းဆိုင်နားက မုန့်ဆိုင်မှာ မုန့်သွားစားတာ။ အဲမှာ PDF လေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာပြီး လုပ်ကြံ သွားတာ။ မောင်းပြန်နဲ့ ပစ်သွားတာလို့ပြောတယ်။ ပစ်ပြီး ဆိုင်ကယ်နဲ့ တမ်းပြေးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်တွင် ရင်ဘတ်ကျည် ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆယ်အိမ်မှူးတစ်ဦးတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွား ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အသက် (၆၀) အရွယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်သည် စစ်မှုထမ်း ဟောင်းတစ်ဦးဖြစ်ပြီး ရပ်ရွာမှ အလွန်အားကိုးရသူတစ်ဦးဖြစ်ကြောင်းနှင့် ဦးမောင်ကို ယခင်က တစ်ကြိမ်လုပ်ကြံ ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မန္တလေး- ဗန်းမော်လမ်းပိုင်းရှိ သပိတ်ကျင်း- ငအိုးလမ်း ပိတ်ထားသည်မှာ (၅) လခန့် ကြာ မြင့်နေပြီဖြစ်ကြောင်းနှင့် ကုန်ကားများအနေဖြင့် မိုးမိတ်- မဘိမ်းဘက်မှ ဗန်းမော်သို့ သွားနေရသဖြင့် သပိတ်ကျဉ်း- ငအိုးလမ်းကို ရှင်းလင်းပေးစေလိုကြောင်းဒေသခံများက တောင်းဆိုနေကြသည်။
#PeopleMedia