စပါးမျိုးစိတ်သစ် ၁၀ မျိုး ထိုင်းနိုင်ငံက အသိအမှတ်ပြုမည်
PUBLISHED - February 29, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉
စားသုံးသူတွေနဲ့ လယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုနှစ် အတွင်း စပါးမျိုးစိတ်သစ် ၁၀ မျိုးကို ထိုင်းနိုင်ငံ ဆန်စပါးဦးစီးဌာန (The Rice Department -RD) က အသိအ မှတ်ပြုတော့မှာဖြစ်ပါတယ်။
မျိုးစိတ်သစ်စပါးတွေဟာ အရည်အသွေးပိုမိုကောင်းမွန်ပြီး လယ်သမားတွေအတွက် ဝင်ငွေပိုမိုရှာဖွေပေးနိုင်မှာ ဖြစ်သလို စားသုံးသူတွေအတွက်လည်း ရွေးချယ်ခွင့်တွေ ပိုမိုပေးစွမ်းနိုင်မှာဖြစ်ကြောင်း RD က ပြောပါတယ်။
အခုနှစ်မှာ ဆန်စပါးဦးစီးဌာန (RD) က တရားဝင်အသိအမှတ်ပြုမယ့် စပါးမျိုးစိတ်သစ် ၁၀ မျိုးကို လယ်ယာစိုက် ပျိုးရေးနဲ့ သမဝါယမဝန်ကြီး ကပ္ပတိန်သမ်မာနတ်ပရုမ်ပေါက မကြာသေးခင်က ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အခုလို စပါးမျိုးစိတ်သစ်တွေ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဝန်ကြီးဌာ နအနေနဲ့ တန်ဖိုးထားကြောင်း ၎င်းက ပြောပါတယ်။
တစ်နှစ်ကို အနည်းဆုံး စပါးမျိုးစိတ်သစ် လေးငါးမျိုးထုတ်လုပ်နိုင်အောင် ဆန်စပါးဦးစီးဌာန (RD) ကို ရည်မှန်း ချက်ချမှတ်ပေးထားကြောင်း ၎င်းက ပြောပါတယ်။
ဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ စပါးမျိုးစိတ်သစ်တွေဟာ ခြောက်သွေ့ဒေသမှာဖြစ်စေ ရေလွှမ်းတဲ့ဒေသမှာ ဖြစ်စေ ထိုင်းနိုင်ငံရဲ့ ဘယ်နေရာမှာမဆို စိုက်ပျိုးနိုင်ရမှာဖြစ်ပြီး ပြိုင်ဘက်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ဖန်လုံ အိမ်အာနိသင်လျှော့ချနိုင်ရမှာဖြစ်ကြောင်း ကပ္ပတိန်သမ်မာနတ်ပရုမ်ပေါက ပြောပါတယ်။
မျိုးစိတ်သစ်စပါးတွေဟာ တစ်ဧကအထွက်နှုန်း ပိုမိုမြင့်မားသလို အင်းစက်ပိုးတွေနဲ့ ရောဂါဘယဒဏ်ကို ပိုမိုခံနိုင် ရည်ရှိတာကြောင့် ပိုးသတ်ဆေးအသုံးပြုမှုလျှော့ချနိုင်သလို ကုန်ကျစရိတ်လည်း လျော့ကျနိုင်တဲ့အတွက် အဲဒီ မျိုးစိတ်သစ်စပါးစိုက်ပျိုးရေးကနေ လယ်သမားတွေအနေနဲ့ အကျိုးကျေးဇူးတွေရရှိလာမှာဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး အနူချာနာကာဆိုင်က ပြောပါတယ်။
ဆန်စပါးဦးစီးဌာန (RD) က အရင်အသိအ မှတ်ပြုထားတဲ့စပါးတွေအပြင် မကြာခင်အသိအမှတ်ပြုတော့မယ့် အဲဒီမျိုးစိတ်သစ်စပါးတွေဟာ လယ်သမားတွေနဲ့ စားသုံးသူတွေအတွက် အပြောင်းအလဲ ရွေးချယ်ခွင့်တွေ ပိုမို ပေးစွမ်းသွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောပါတယ်။
အခုနှစ်အသိအမှတ်ပြုမယ့် စပါးမျိုးစိတ်သစ်တွေဟာ ပိုမိုကွဲပြားလာတဲ့ မျိုးစိတ်ကွဲတွေဖြစ်ပြီး မြေအမျိုးမျိုးမှာ စိုက်ပျိုးနိုင်တဲ့အပြင် မတူကွဲပြားတဲ့စားသုံးသူတွေရဲ့ အကြိုက်အမျိုးမျိုးကိုလည်း ဖြည့်စွမ်းပေးနိုင်တယ်လို့ ဆန် စပါးဦးစီးဌာန (RD) ညွှန်ကြားရေးမှူး နတ်သာကစ်ခေါင်တစ်က ပြောပါတယ်။
အသိအမှတ်ပြုမယ့် မျိုးစိတ်သစ်စပါးတွေထဲမှာ မြေပျော့ဆန်ဖြူ၊ မြေမာဆန်ဖြူ၊ စပယ်ပန်းဆန်၊ ကောက်ညှင်း ဆန်နဲ့ ဂျပန်ဆန်တို့လို ခေါင်းစဉ်အမျိုးမျိုးနဲ့ မျိုးကွဲတွေဖြစ်ပြီး စပါးမျိုးကွဲတိုင်းမှာ အားသာချက်တွေရှိကြောင်း မစ္စတာနတ်သာကစ်က ပြောပါတယ်။
ဥပမာအားဖြင့် မြေပျော့ဆန်ဖြူဟာ သက်တမ်း ရက်ပေါင်း ၉၀-၁၀၀ ဝန်းကျင်သာရှိပေမဲ့ တခြားမျိုးကွဲတွေထက် အထွက်နှုန်း ၁၀-၁၅% ပိုထွက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီစပါးမျိုးဟာ စပါးဘက်တီးရီယားရောဂါနဲ့ ဖြုတ်ညိုပိုးဒဏ်ကို ခံနိုင်ရည်ရှိသလို ရေလွှမ်းမိုးတဲ့ဒဏ်နဲ့ အအေးဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရပါတယ်။
Ref: 10 rice cultivars a boon for farmers: Bangkok Post
#PeopleMedia