စပိန်၊ နော်ဝေနဲ့ အိုင်ယာလန်တို့က ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြု

PUBLISHED - May 29, 2024
နိုင်ငံတကာ၊ မေ ၂၉
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတိုက်ခိုက်မှုတွေ လျော့ကျစေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအား ပေးမှုအပေါ် ထပ်မံအားဖြည့်ဖို့အတွက် အနောက်ဥရောပသုံးနိုင်ငံရဲ့ ပူးပေါင်းကြိုးပမ်းမှုတစ်ရပ်အဖြစ် စပိန်၊ နော် ဝေနဲ့ အိုင်ယာလန်တို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း အင်္ဂါနေ့ (မေလ ၂၈ ရက်နေ့) က ကြေညာလိုက်ပါတယ်။
အနောက်ဥရောပသုံးနိုင်ငံရဲ့ကြိုးပမ်းမှုဟာ ဂါဇာဒေသကစစ်ပွဲအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ် ကြောင်း ပြောဆိုရင်း အစ္စရေးက အဆိုပါကြေညာချက်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရည်ရွယ်ချက်တစ်ခုရှိတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပြီး အဲဒီရည်ရွယ်ချက်ကတော့ အစ္စရေး နဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ပဲဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြော ပါတယ်။
ဆန်းချက်ဇ်အစိုးရဟာ ဂျူးလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့နဲ့ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ လှုံ့ဆော်တဲ့နေရာမှာ ကြံရာပါအဖြစ်ပါဝင်နေကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးလ်ကက်ဇ်က X လူမှုကွန်ရက်ပေါ်မှာရေး သားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က တရားဝင်ကြေညာခဲ့တဲ့ အခုဆုံးဖြတ်ချက်ချမှတ်ရာမှာ စပိန်နိုင်ငံနဲ့အတူ အိုင်ယာလန်နဲ့ နော်ဝေတို့ကလည်း ပူးပေါင်းပါဝင်လာကြပါတယ်။
အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြိုက လန်းစတတ်စ်လွှတ်တော်အပြင်ဘက်မှာ ပါလက်စတိုင်းအလံကို လွှင့်ထူထားပါ တယ်။
“အခုလို ပါလက်စတိုင်းအလံကို လွှင့်ထူထားတာဟာ အမှောင်ထဲမှာ နေနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအ တွက် အိုင်ယာလန်နိုင်ငံဟာ သူတို့နဲ့အတူ ရပ်တည်နေပါတယ်ဆိုတဲ့ မျှော်လင့်ချက်သတင်းစကားပါးလိုက်တာ ပဲဖြစ်ပါတယ်။” လို့ အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟားရက်စ်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။
အဆိုပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ တရားဝင်လက်မှတ်ရေးထိုးပြီးနောက်မှာ ဝန်ကြီးချုပ်က လွှတ်တော်ထဲမှာ အမတ်တွေကို အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
“ပြစ်တင်ရှုတ်ချနေရုံနဲ့ မလုံလောက်တော့ပါဘူး။ အမုန်းခံနေရုံသက်သက်နဲ့လည်း မလုံလောက်တော့ပါဘူး။ သမိုင်းရဲ့အမှန်တရားဘက်မှာ ကျွန်တော်တို့ရပ်တည်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“နော်ဝေနိုင်ငံဟာ ပါလက်စတိုင်းနိုင်ငံတစ်ခုဖြစ်ပေါ်လာရေးအတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ အတက်ကြွဆုံး ထောက်ခံလာခဲ့တဲ့နိုင်ငံတွေထဲက နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာ နော်ဝေနိုင်ငံက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်တာဟာ နော်ဝေနဲ့ ပါလက်စတိုင်းတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်း မှတ်တိုင်တစ်ခုဖြစ်ပါတယ်။” လို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး အက်စ်ပန်းဘသိုက်က ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သုံးပုံနှစ်ပုံကျော်ဖြစ်တဲ့ နိုင်ငံပေါင်း ၁၄၀ ဝန်းကျင်က ပါလက်စတိုင်းကို နိုင်ငံတစ် ခုအဖြစ် အသိအမှတ်ပြုထားပေမဲ့လည်း အနောက်အုပ်စုအင်အားကြီးနိုင်ငံတွေကတော့ အသိအမှတ်ပြုထား ခြင်းမရှိသေးပါဘူး။
Ref: Spain, Norway, and Ireland recognize Palestine as EU rift with Israel widens
#PeopleMedia