• Follow Us on

Home စလင်းမြို့နယ်တွင် ကျေးရွာခွဲ တာဝန်ခံတစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်

စလင်းမြို့နယ်တွင် ကျေးရွာခွဲ တာဝန်ခံတစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်

Share this post

နေပြည်တော်၊ မတ် ၂၆

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံရွှေကူကျေးရွာအုပ်စု၊ ပန်းပြင်ကျေးရွာမှ ကျေးရွာခွဲ တာဝန်ခံတစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ယနေ့ မတ်လ (၂၆)ရက် နံနက် (၁၂)နာရီ (၃၅)မိနစ် အချိန်ခန့်က စလင်းမြို့၏ အနောက်ဘက် (၁၅)မိုင်၊ (၃) ဖာလုံခန့် အကွာ၊ လင်းဇင်း ရဲစခန်း၏ အရှေ့(၃)မိုင်ခန့်အကွာရှိ ပန်းပြင်ကျေးရွာတွင် နေထိုင်သည့် ကျေးရွာခွဲ တာဝန်ခံ ဦးလူမြင့် (ခ) ဦးမှုစီသည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် သေနတ်အရှည်များ ကိုင်ဆောင်ထားသည့် PDF အဖွဲ့ဝင် (၄)ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဦးလူမြင့်အား လက်ပြန်ကြိုးတုပ်ပြီး ထိုးကြိတ်ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည့် အပြင် ၎င်းအိမ်တွင် ရှိနေသည့် အသံချဲ့စက်မိုက်အားလည်း ယူဆောင်သွားကြောင်း သိရသည်။

 

၎င်းနောက် ယနေ့ မတ်လ (၂၆)ရက် နံနက် (၇)နာရီခွဲခန့်တွင် ဦးလူမြင့်၏ မိသားစုဝင်များမှ လိုက်လံ ရှာဖွေ ရာတွင် ပန်းပြင်ကျေးရွာ၏ အနောက်ဘက် (၁)မိုင် (၇)ဖာလုံခန့်အကွာ ကျွန်းရင်းကျေးရွာ၏ မြောက်ဘက်ရှိ သရက်တော- ဆင်ဖြူကျွန်းသွား မြေနီလမ်းဘေး ဝဲဘက်ခြမ်း ဇရပ်အနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးလူမြင့်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဦးလူမြင့်၏ ရုပ်အလောင်းတွင် ဦးခေါင်းဝဲဘက်ထိပ် သေနတ် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ပါးရိုး သေနတ်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဦးနှောက်ပွင့်ထွက် ဒဏ်ရာများကို တွေ့ရှိခဲ့ရသဖြင့် စလင်းမြို့ ပြည်သူ့ဆေးရုံသို့ သယ်ယူပို့ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post