စလင်းမြို့နယ် တညောင်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကို စစ်သွေးကြွ PDF တွေက ကျောင်းဆက်မဖွင့်ရန် ဖုန်းဆက်ပြီး ခြိမ်းခြောက်
PUBLISHED - August 8, 2024
နေပြည်တော်၊ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ကျောင်းဆက်မဖွင့်ရန် ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ (၈)ရက် နံနက် (၉)နာရီခန့်က တညောင်ကျေးရွာ အထက်တန်းကျောင်းတွင် တာဝန်ကျနေ သည့် ကျောင်းအုပ်ဆရာကြီးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ကျောင်းအား ချက်ချင်းဆင်းပေးရန်နှင့် ပိတ်ပေးရန် ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
“ဒီမနက် (၉)နာရီ ဝန်းကျင်လောက်က PDF တွေက ကျောင်းအုပ်ကြီးကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တယ်။ အဲလို ခြိမ်းခြောက်တော့ ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို အတင်းပြန်ဆင်းခိုင်းတယ်။ အဲလို ဆင်းခိုင်း နေတဲ့အချိန်မှ ကျောင်းအနောက်ဘက်လောက်ကနေ မိုင်းကွဲတာ။ အဲလိုအသံကြားတော့ ကျောင်းသားတွေက အကုန်ထွက်ပြေးကြတာ။ အထက်တန်းကျောင်းဆိုတော့ လူလည်းများတာပေါ့။ ကျောင်းနားက အိမ်ဆိုင်လေး တွေ ရောင်းနေကြတဲ့ ဈေးသည်တွေလည်း ထွက်ပြေးကြတယ်။ ပြီးတော့ ကျောင်းနဲ့ မျက်နှာချင်းဆိုင် ဘောလုံး ကွင်းထဲမှာ တညောင်ရဲ့ဈေး ဖွင့်လှစ်ထားတာ။ အကုန်လုံး ဝရုန်းသုံးကားတွေ အကုန်ထွက်ပြေးကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်ကလည်း တညောင်ကျေးရွာတွင် တာဝန်ကျနေသည့် ကျွန်းကလေး ကျေးရွာတွင် နေထိုင်သူ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ဖြူဖြူသင်းကိုလည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ် လိုက်ကြောင်း သိရသည်။
“(၅)ရက်နေ့က ဖြစ်တာက တညောင်မှာ အလယ်တန်းပြ ဆရာမ ဒေါ်ဖြူဖြူသင်း သူက ကျွန်းကလေးရွာမှာ နေတာ။ အဲနေ့ည (၈)နာရီ ခွဲလောက်မှာ ကျွန်းကလေးရွာက ဆရာမ အိမ်ကို PDF တွေက လာပြီးတော့ သတ်သွားတာ။ သေနတ်သံ (၃)ချက် ကြားလိုက်ရတယ်။ နဖူးရယ်၊ လည်ပင်းရယ်၊ ရင်ဘတ်ရယ် သုံးချက် ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် တညောင်ကျေးရွာအနီးရှိ ထုံးခေါင်းကျေးရွာနှင့် သမန်းကျင်း ကျေးရွာများတွင် စုဖွဲ့နေပြီး တညောင် ရဲစခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Photo – တညောင်ကျေးရွာ အထက်တန်းကျောင်း (ပုံဟောင်း)
#PeopleMedia