စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာဖြစ်သင့်ဖြစ်ထိုက်သည်ထက်များစွာမြင့်တက်နေပြီး နိုင်ငံ တော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့်အစီအစဉ်ကို စားသုံးသူပြည်သူများခံစားရခြင်း မရှိ သည်ကိုတွေ့ရကြောင်း စီးကူးဝန်ကြီး ပြောကြား

PUBLISHED - August 31, 2023
နေပြည်တော်၊ ဩဂုတ် ၃၁
စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြော ကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် စားအုံးဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားဖြင့် လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း၊ ၎င်းအပြင် ဝယ်ယူတင် သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုံးဆီအခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပတ်စဉ်ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျှက်ရှိကြောင်း၊ သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံ တော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်းမရှိ သည်ကို တွေ့ရှိရပါကြောင်း ပြောသည်။
စားအုံးဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ဇူလိုင်လ (၁) ရက်နေ့က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာ ဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော် သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့် အစီအမံများချ မှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများက စားသုံးဆီပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန်သတင်းပို့မှု အစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား ဈေးနှုန်း ကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေး စိတ်ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်း ဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေ အနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက် မည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။
#PeopleMedia