စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂၂ ဦးနှင့် ငါးဖမ်းစက်လှေ ၄ စီးကို မြန်မာရေတပ်က ဖမ်းဆီး

PUBLISHED - November 22, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂ (People Media)
မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၂၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ဘင်္ဂလားဒေ့ရှ်ရေပိုင်နက် စိန့် မာတင်ကျွန်းအနီးကမ်းဝေးငါးဖမ်းနေသော ငါးဖမ်းစက်လှေလေးစီးကို ဖမ်းဆီးဆွဲယူသွားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများကို အိမ်နီးချင်းနိုင်ငံရေတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဖမ်း ဆီးခေါ်ဆောင်သွားကြောင်း ကျွန်းပေါ်ရှိဒေသအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နူအာမက်ကပြောသည်။
ရေလုပ်သားများကို စိန့်မာတင်ကျွန်းအရှေ့ဘက်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးသွားသည့် အခြေ အနေနှင့် အကြောင်းရင်းကို မသိရသေးကြောင်း ၎င်းကပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် ရေလုပ်သားအချို့နှင့် ဖုန်းပြောခဲ့ရကြောင်း အာမက်ကပြောသည်။ “သူတို့အားလုံး ကို မြန်မာရေတပ်သင်္ဘောပေါ်တက်ခိုင်းပြီး သူတို့ငါးဖမ်းစက်လှေတွေကို ကြိုးနဲ့တွဲချည်ထားလိုက်တယ်။ ဘယ် နေရာကို သွားနေမှန်းတော့ မသိဘူးလို့ သူတို့ကပြောတယ်။” ဟု အာမက်ကပြောသည်။
“အဲဒီလို ပြောပြီးကတည်းက သူတို့ဖုန်းတွေပိတ်သွားကြတယ်။ ခရိုင်ခွဲအရာရှိကိုရော တခြားသက်ဆိုင်ရာ အာ ဏာပိုင်တွေကိုရော ကျွန်တော်တို့ သတင်းပို့ထားပါတယ်” ဟု ၎င်းကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့တို့ကို သတင်း ပို့ထားပြီး အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရန် တိုက်တွန်းထားပြီးဖြစ်ကြောင်း ခရိုင်ခွဲအရာရှိ ပါဗက်ဇ်ချိုးဒ်ဟာ ရီက ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘက်က တရားဝင်အတည်ပြုသတင်းကို ကျွန်တော်တို့မရရှိသေးပါဘူး။” ဟု စစ်တကောင်းဒေသဌာနချုပ် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ ဦးစီးအရာရှိ (စစ်ဆင်ရေး) ဒုတိယအကြီးအကဲ ဖြစ်သူ မိုဟာမက်ဟာဘီဘာရာဟာမန်က ဒါကာထရီဗျူးကိုပြောသည်။
ကမ်းခြေစောင့်တပ်ဖွဲ့မှအရာရှိများသည် ဒေသတွင်းရှိအခြားရေလုပ်သားများနှင့် မေးမြန်းပြောဆိုပြီးဖြစ်သော် လည်း ယင်းဖြစ်စဉ်ကို မည်သူမှ မျက်မြင်တွေ့ရှိခြင်းမရှိကြောင်း ၎င်းကပြောသည်။ “ဒါ့ကြောင့်မို့ မြန်မာအစိုးရ ဆီက တရားဝင်အတည်ပြုအကြောင်းကြားစာကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်” ဟု ၎င်းကပြောသည်။
“မွန်းလွဲပိုင်းမှာ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးနဲ့ ကျွန်တော်တို့ ဆက်သွယ်ခဲ့ပါတယ်။ သံအမတ်ကြီးက မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ကျွန်တော်တို့ကို အကြောင်းကြားပါလိမ့်မယ်။ တကယ်လို့ သတင်းသေ ချာတယ်ဆိုတာအတည်ပြုပြီးရင် ရေလုပ်သားတွေပြန်ခေါ်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။
“စွပ်စွဲပြောကြားချက်တွေအတိုင်း ဒီဖြစ်စဉ်က ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ မကြာခင် မြန်မာအာဏာပိုင်တွေ ဆီက တုံ့ပြန်မှုတစ်ခုခုပြန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မိုဟာမက်ဟာဘီဘာရာဟာမန်ကပြောသည်။
Ref: Myanmar Navy detains 22 Bangladeshi fishermen, tows 4 trawlers off St Martin’s coast
#PeopleMedia
(unicode)
……………………………………………………………….
Ref: Myanmar Navy detains 22 Bangladeshi fishermen, tows 4 trawlers off St Martin’s coast
#PeopleMedia