စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် Market နှင့် Target ကို သိရှိရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန် န-စ-ကဥက္ကဋ္ဌ မှာကြား
PUBLISHED - October 7, 2021
နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)
စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် Market နှင့် Target ကို သိရှိရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန်လိုကြောင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်နှင့် စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစားတွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန် နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဇုန်များရှိ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် အသား၊ ငါးများအား တိုးမြှင့်ထုတ်လုပ်နိုင် ခြင်းဖြင့် ဈေးနှုန်းသက်သာစွာ စားသောက်နိုင်ပြီး ပြည်သူများ အသားနှင့် ငါးစားသုံးမှုမြင့်မားလာကာ ကျန်းမာ ကြံ့ခိုင်မှုရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာ၌ ဒေသတွင်းဖူလုံမှုကို ဦးစွာ စဉ်းစားဆောင်ရွက် ပြီး ပိုလျှံအသားကို အေးခဲ အသားနှင့် ကုန်ချောထုတ်ကုန်အဖြစ် စီမံ၍ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြင်ပမှ တင်သွင်းရလျက်ရှိသည့်အတွက် နွားမွေးမြူရေးလုပ်ငန်းများမှ နို့နှင့် နို့ ထွက်ပစ္စည်းများ အောင်မြင်အောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။
တစ်ဖက်ကလည်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်လျက်ရှိသည့် ဒေသခံများ၏ ဈေးကွက်ကို မထိခိုက်စေရန် ဈေးကွက်လိုလားချက်နှင့် လိုအပ်ချက်ကို သိရှိအောင်လုပ်ဆောင်ပြီး စဉ်းစားတွက်ချက်လုပ် ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဇုန်အသီးသီးရှိ ပတ်ဝန်းကျင် ဒေသခံများကိုလည်း ခေတ်မီပြီး နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူမှုများ ဖြစ်ပေါ်လာအောင် နည်းစနစ်နှင့် မျိုးများမျှဝေပေးရမည်ဖြစ်ကြောင်း၊ အသားငါးများအား သက်သာသောဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနိုင်ရေး ဆောင်ရွက်ခြင်းဖြင့် အသား ငါး ဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
#PeopleMedia #နစက #စိုက်ပျိုးရေး
(unicode)
……………………………………………………………………………