စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်မယ့်သမ္မတအဖြစ် သီရိလင်္ကာရွေးကောက်ပွဲမှာ မာ့စ်ဝါဒီ ဒစ်ဆာ နေယာကီ အနိုင်ရ
PUBLISHED - September 23, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၃
သီရိလင်္ကာ သမ္မတရွေးကောက်ပွဲမှာ မာ့စ်ဝါဒီ အန်နျူရာကုမာရဒစ်ဆာနေယာကီ အနိုင်ရရှိသွားပြီဖြစ်ကြောင်း သီရိလင်္ကာရွေးကောက်ပွဲကော် မရှင်က တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၂ ရက်နေ့) က ကြေညာလိုက်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦးပါတီ (JVP) ခေါင်းဆောင်နဲ့ အမျိုးသားပြည်သူ့အင်အား မဟာမိတ်အဖွဲ့ (NPP) ခေါင်းဆောင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် မာ့စ်ဝါဒီ ဒစ်ဆာနေယာကီဟာ ရွေးကောက်ပွဲမှာ ၄၂.၃၁ ရာခိုင်နှုန်း နဲ့ အနိုင်ရရှိသွားတာဖြစ်ကြောင်း ကော်မရှင်က ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာကတော့ စနေနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၃၂.၇၄ ရာခိုင် နှုန်းနဲ့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ် စီးပွားရေးပြိုလဲချိန်မှာ အာဏာရလာပြီး ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ မူတစ်ခုအရ တင်း ကျပ်တဲ့ ချွေတာရေးမူဝါဒတွေကို ချမှတ်ခဲ့တဲ့ မကြာခင်အနားယူရတော့မယ့် သမ္မတရာနေးလ်ဝစ်ရာမီဆင်ဂါက တော့ ၁၇.၂၇ ရာခိုင်နှုန်းနဲ့ တတိယနေရာ ရရှိခဲ့ပါတယ်။
သမ္မတလောင်းနှစ်ဦးဟာ သတ်မှတ်ထားတဲ့ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းမပြည့်လို့ သမ္မတရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ်မဲပြန်ရေတွက်ဖို့ ဆုံးဖြတ်ခဲ့ရတာ သီရိလင်္ကာသမိုင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအနိုင်ရ ဒစ်ဆာနေယာကီဟာ တနင်္လာနေ့မှာ ကိုလမ်ဘိုမြို့မှာရှိတဲ့ ကိုလိုနီခေတ် သမ္မတရုံး တော်မှာ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ခန့်မှန်းထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ရွေးကောက်ပွဲအနိုင်ရရှိကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးချိန်မှာ “နိုင်ငံတွင်းမှာရှိတဲ့ ဆင်ဟာလီ၊ တမီလ်၊ မူဆလင် လူ့အဖွဲ့အစည်းစတဲ့ သီရိလင်္ကာနိုင်ငံသားအားလုံးညီညွတ်ကြဖို့နဲ့ ဘုံအကျိုးစီးပွားနဲ့ ရည်ရွယ်ချက်က နေ ခေတ်သစ်တစ်ခု နိုးထလာတော့မှာဖြစ်ကြောင်း” ဒစ်ဆာနေယာကီက ပြောပါတယ်။
“နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြုစုပျိုးထောင်လာတဲ့ အိပ်မက်ဟာ နောက်ဆုံးမှာ အမှန်တကယ်ထွက်ပေါ်လာ ခဲ့ပါပြီ။ ဒီအောင်မြင်မှုဟာ ဘယ်လိုပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းကမှ ဆောင်ရွက်လို့ရလာတဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ လူပေါင်းများစွာ စုပေါင်းဆောင်ရွက်လို့ရရှိလာတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ မဆုတ် မနစ်တဲ့ဇွဲလုံ့လဝီရီယနဲ့ ကြိုးစားမှုတွေကြောင့် ဒီနေရာကို ရောက်ရှိလာတာပါ။ အဲဒီအတွက် ကျွန်တော် လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့ အားလုံးရဲ့ အောင်ပွဲပါ။” လို့ ၎င်းက X လူမှုကွန် ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ပေးထားတဲ့ကတိကဝတ်အတိုင်း ဆောင်ရွက်ရမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်၊ ယုံကြည်မှုတို့နဲ့အတူ ဒစ်ဆာနေ ယာကီဟာ ပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာပြီး အားမာန်တက်ကြွစွာနဲ့ အခန်းတစ်ခုထဲ ကို ဝင်ရောက်သွားကြောင်း ကိုလမ်ဘိုမှာရှိတဲ့ အယ်ဂျာဇီးယားသတင်းထောက် မီနယ်လ်လီဖာနန်ဒက်ဇ်က ပြောပါတယ်။
Ref: Sri Lanka elects Marxist-leaning Dissanayake as president to fix economy
#PeopleMedia