စီးပွားရေးမကောင်းတဲ့အတွက် နယူးဇီလန်နိုင်ငံသားအများအပြား တိုင်းပြည်က ထွက်ခွာ
PUBLISHED - August 17, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၇
အလုပ်လက်မဲ့နှုန်းနဲ့ အတိုးနှှုန်းတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်သလို စီးပွားရေးတိုးတက်မှုကလည်း အားရ စရာမကောင်းတဲ့အတွက် နယူးဇီလန်နိုင်ငံကနေ လူအများအပြားထွက်ခွာနေကြကြောင်း အစိုးရစာရင်းအချက် အလက်တွေအရ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လကုန်မှာ တိုင်းပြည်ကထွက်သွားတဲ့လူဦးရေဟာ ၁၃၁၂၀၀ ရှိပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် စံချိန် တင်အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အင်္ဂါနေ့ (သြဂုတ်လ ၁၃ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့ နယူးဇီလန်အစိုးရရဲ့ စာရင်း ဇယားတွေထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံထဲက ထွက်ခွာသွားသူ သုံးပုံတစ်ပုံဟာ သြစတေးလျနိုင်ငံကို ထွက်ခွာသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။
ရွှေ့ပြောင်းသွားလာသူတွေ ဝင်ရောက်လာတာရှိပေမဲ့လည်း ဝင်လာတဲ့သူထက် ထွက်သွားတဲ့သူက ပိုများနေပြီး စီးပွားရေးအားရမစရာမရှိတဲ့အတွက် နိုင်ငံခြားသားဝင်ရောက်လာမှုကလည်း လျော့နည်းနေတယ်လို့ဆိုပါတယ်။
ထွက်ခွာသွားတဲ့အထဲက နိုင်ငံသား ၈၀၁၇၄ ဦးဟာ Covid-19 ကပ်ရောဂါဘေးကာလ မတိုင်ခင်က ထွက်ခွာ သွားတဲ့နိုင်ငံသားဦးရေထက် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
မာရီလီအယ်လင်ဆိုသူ အမျိုးသမီးဟာ အသက် ၁၄ နှစ်အရွယ်သမီး၊ ၎င်းရဲ့ ခင်ပွန်းတို့နဲ့အတူ ၂၀၂၅ ခုနှစ် အစောပိုင်းလောက်မှာ သြစတေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်မြို့တော် ဟိုဘတ်ကို ပြောင်းရွှေ့နေထိုင် ဖို့ စီစဉ်နေပါတယ်။
“အဲဒီမှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အဲဒီကလူတွေက ကျွန်မတို့လို အလုပ်အကိုင်လုပ်တတ်တဲ့ သူမျိုးတွေကို အမြဲရှာဖွေနေကြတယ်။” လို့ သွားဘက်ဆိုင်ရာကုသရေးလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အယ်လ် လင်က ပြောပါတယ်။
“ကျွန်မမိတ်ဆွေတွေအများအပြား အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းလို့ သြစတေးလျကို ပြောင်းကုန်ကြ ပြီ။ သြစတေးလျဟာ အရည်အချင်းအပြည့်အဝရှိတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှိတဲ့နေရာဖြစ်ပုံရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စားဝတ်နေရေးစရိတ်ကြီးမြင့်မှုတွေ၊ အတိုးနှုန်းကြီးမြင့်မှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေကြောင့် စိတ်ပျက်နေတဲ့ နယူးဇီလန်နိုင်ငံသားတွေဟာ သြစတေးလျ၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကို ထွက်ခွာသွားဖို့ စဉ်း စားနေကြတာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ဗဟိုဘဏ်အတိုးနှုန်းကို အခြေခံအမှတ် ၅၂၁ အထိ မြှင့်တင်လိုက်ပြီးနောက် နယူးဇီလန်နိုင်ငံဟာ အတော်လေး ရုန်းကန်နေရပါတယ်။
ပထမသုံးလပတ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ဝ.၂% ရှိပြီး ဒုတိယသုံးလပတ်မှာ အလုပ်လက်မဲ့နှုန်းက ၄.၇% အထိ မြင့်တက်လာကာ ငွေကြေးဖောင်းပွမှုှုန်းက ၃.၃% ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။
သြစတေးလျအစိုးရဟာ သူနာပြု၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပညာရေးဝန်ထမ်းတွေကို ပြောင်းရွှေ့နေထိုင်စရိတ်တွေ ကမ်း လှမ်းပြီး ရှာဖွေစုဆောင်းနေတဲ့အတွက် သြစတေးလျနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ဗီဇာမလိုတဲ့ နယူးဇီလန်နိုင်ငံ သားတွေကို ဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။
Ref: People leaving New Zealand in record numbers
#PeopleMedia