• Follow Us on

Home ဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျစိစစ်သုံးသပ်လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ်ဆောင်ရွက်မည်ဟု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ပြောကြား

ဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျစိစစ်သုံးသပ်လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ်ဆောင်ရွက်မည်ဟု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော် ဩဂုတ် ၂၅

 

လက်ရှိဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ်လေ့လာပြီး ထိထိရောက် ရောက် စီမံကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

 

ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌက ကော်မတီအနေဖြင့် ပြည်သူများ၏ စားရေး အတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စု နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောသည်။

 

ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့် စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ - မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှု ရှိ - မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ် လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း ကော်မတီဥက္ကဋ္ဌက ပြောသည်။

 

ကော်မတီဥက္ကဋ္ဌက ယင်းသို့ ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီ၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အောက်ရှိ သက် ဆိုင်ရာညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေကုန်စည်ဈေးနှုန်း မြင့်တက်လာပါက ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်းဖြင့် ပြောသည်။

 

အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို အားပေးခြင်း စသည့်စည်းရုံးရေးနှင့် စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန် လိုအပ်ကြောင်း၊ လက်ရှိ ဆန်ဈေး၊ စားအုန်းဆီဈေးနှုန်း များမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ် လေ့လာပြီး ထိထိရောက် ရောက် စီမံကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ကြောင်း ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။

 

#PeopleMedia


Share this post