• Follow Us on

Home ဆယ်ကျော်သက်အမျိုးသမီးငယ်ကို ငါးနှစ်ကာလအတွင်း မုဒိန်းကျင့်ခဲ့တဲ့ အမျိုးသား ၄၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ဖမ်းဆီး

ဆယ်ကျော်သက်အမျိုးသမီးငယ်ကို ငါးနှစ်ကာလအတွင်း မုဒိန်းကျင့်ခဲ့တဲ့ အမျိုးသား ၄၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ဖမ်းဆီး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

လွန်ခဲ့တဲ့ငါးနှစ်ကာလအတွင်း အသက် ၁၈ နှစ်အရွယ်မိန်းကလေးကို မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသား ၄၄ ဦးကို အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရယ်လာပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၁၄ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေလို့ လူတန်းစားခွဲခြားခံထားရတဲ့ ဒါလစ်မျိုးနွယ်စုက အားကစားသမားတစ်ဦးဖြစ်တဲ့ အမျိုး သမီးငယ်လေးက ငါးနှစ်တာကာလအတွင်း အမျိုးသား ၆၂ ဦးက ၎င်းကို လိင်ပိုင်းဆိုင်ရာအနိုင်အထက်ပြုကျင့်ခဲ့ကြ ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုချက်ပေးတဲ့အထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။

 

ရဲတပ်ဖွဲ့က အဲဒီအုပ်စုထဲက ၅၈ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲကတချို့ဟာ ဥပဒေရ အရွယ်မရောက်သေးတဲ့သူတွေ ဖြစ်ကြောင်း၊ အမျိုးသား ၄၄ ဦးကို ပြီးခဲ့တဲ့ နှစ်ရက်က ဖမ်းဆီးရရှိခဲ့ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

 

“ကျန်တဲ့ ၁၄ ယောက်ကိုလည်း ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ပြီးပါပြီ။ မကြာခင် ဖမ်းမိတော့မှာပါ။” လို့ ပြစ်မှုဖြစ်ပွားရာ နယ်မြေဖြစ်တဲ့ ဖာသာနမ်သစ်တာခရိုင်က ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ နန္ဒကူးမားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

လိင်ပိုင်းဆိုင်ရာတရားမျှတမှုအသိပညာမြှင့်တင်ရေးအစီအစဉ် (gender awareness program) တစ်ခုမှာ အဆိုပါ အမျိုးသမီးငယ်က အုပ်စုဖွဲ့မုဒိန်းကျင့်မှုအကြောင်းကို စေတနာ့ဝန်ထမ်းတစ်ဦးကို ပြောပြပြီးနောက်မှာ အခုအမှုထွက် ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ခရိုင်ရဲတပ်ဖွဲ့ဒုတိယအကြီး အကဲ နန္ဒကူးမားက ပြောပါတယ်။

 

၎င်းအနေနဲ့ အသက် ၁၃ နှစ်သမီးအရွယ်မှာ အိမ်နီးချင်းအမျိုးသားက မုဒိန်းကျင့်တာ ခံလိုက်ရပြိးနောက် လိင်ပိုင်းဆိုင် အနို်င်အထက်ပြုကျင့်မှုကို စတင်ခံခဲ့ရတာဖြစ်ကြောင်း အဆိုပါအမျိုးသမီးငယ်ရဲ့ထွက်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့သူ ၄ ဦးဟာ ဥပဒေအရ အသက်မပြည့်သေးတဲ့သူတွေဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။ အိန္ဒိယဥပဒေအရ ဇာတ်နိမ့်လို့သတ်မှတ်ခံထားရသူတွေအပေါ် မုဒိန်းမှုကျူးလွန်တဲ့အမှုမှာပါဝင်ပတ်သက်တယ်လို့ စွပ်စွဲ ခံထားရသူတွေကို အာမခံပေးလို့မရဘူးလို့ ဆိုပါတယ်။

 

စာရင်းအချက်အလက်ရရှိနိုင်တဲ့ မှတ်တမ်းအရ အိန္ဒိယနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း မုဒိန်းမှုပေါင်း ၃၁,၀၀၀ မှုရှိခဲ့ပြီး ပြစ်ဒဏ်စီရင်နိုင်ခဲ့တဲ့ အရေအတွက်ဟာ အလွန်ဆိုးရွားစွာ နိမ့်ကျခဲ့တယ် (အမှုဖော်ထုတ်အရေးယူနိုင် ခြင်းမရှိ) လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်က နိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့မှာ သင်တန်းသူအမျိုးသမီးတစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက် ရတဲ့အမှုကြောင့် နိုင်ငံတစ်ဝန်းဒေါသထွက်ခဲ့ကြပြီး တရားခံကို ဖမ်းဆီးအရေးယူပေးဖို့ ပြည်သူအများအပြား လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

 

Ref: Indian police arrest 44 men accused of raping teenager over five years

 

#PeopleMedia


Share this post