ဆယ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်းအင်အား တိုးမြှင့်ရရှိအောင် ထိုင်းအစိုးရဆောင်ရွက်မည်
PUBLISHED - August 5, 2024
နိုင်ငံတကာ၊ သြဂုတ် ၅
ကျန်းမာရေးဝန်ထမ်းအင်အား တိုးမြှင့်ရရှိဖို့ ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ ၁၀ နှစ်စာ မဟာဗျူဟာစီမံချက်တစ်ခု ကို အင်္ဂါနေ့ (သြဂုတ်လ ၆ ရက်နေ့) မှာ အစိုးရအဖွဲ့ထံ တင်ပြသွားမှာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆမ်ဆက်သက်ပ်ဆုတင်က တနင်္ဂနွေနေ့ (သြဂုတ်လ ၄ ရက်နေ့) က ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးနယ်ပယ်မှာ ပညာရှင်တွေပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကို ဇူလိုင်လ ၉ ရက်နေ့က အစိုးရအဖွဲ့က ထောက်ခံလိုက်ပြီးနောက် အခုစီမံချက်ကို ကျန်းမာရေးဝန်ကြီးက ပြောလိုက်တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံအတွက် နောက်ထပ် ဆရာဝန် ၃၁,၀၇၄ ဦး၊ သူနာပြု ၁၂၄,၅၅၈ ဦး၊ ဆေးစပ်သူ ၉,၈၀၀ ဦး၊ တိုင်းရင်းဆေးပညာရှင် ၁၈,၁၆၉ ဦးနဲ့ ကျန်းမာရေးလုပ်သား ၃၆,၉၉၃ ဦးတို့ မွေးထုတ်သွားနိုင်အောင် ရည်ရွယ်ထားကြောင်း မစ္စတာဆမ်ဆက်က ပြောပါတယ်။
“တစ်နိုင်ငံလုံး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်မှာ ကျန်းမာရေးလုပ်သားအလုံအလောက်ရှိနေဖို့အတွက် အထူးသဖြင့် အစိုးရက ထိုင်းနိုင်ငံကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု ဗဟိုချက်မနိုင်ငံအဖြစ် ပြောင်းလဲချင်နေတဲ့အတွက် ကျန်းမာရေးလုပ်သားပြတ်လပ်မှုဟာ တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရ မယ့် ကိစ္စဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“လက်ရှိအချိန် ထိုင်းနိုင်ငံမှာ ဆရာဝန် ၇၁၆၁၆ ဦးနဲ့ သူနာပြု ၂၀၉၁၈၇ ဦးရှိပါတယ်။ ဆိုတော့ ဝန်ထမ်းသစ် ရှာဖွေရေး ကြိုးပမ်းမှုတစ်ခုတည်းတင်မကဘဲ ရည်မှန်းချက်ပြည့်မီအောင် သူနာပြုတွေ တိုးမြှင့်ရရှိရေးအတွက် ဆောင်ရွက်ဖို့ မဟာဗျူဟာ သုံးခုကို ဒီဇိုင်းရေးဆွဲထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပထမသုံးနှစ်အတွင်း တစ်နှစ်သင်တန်းတက်ရောက်ပြီးသား အရန်သူနာပြုအကူ ၁၀၀၀၀ နဲ့အတူ အလုပ်လုပ် နိုင်ဖို့အတွက် ကောလိပ်ကျောင်းမပြီးခဲ့တဲ့ သူနာပြုအများအပြားကို မွေးမြူဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါ တယ်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အတွေ့အကြုံရှိတဲ့သူနာပြုတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ပိုမို ကောင်းမွန်တဲ့ လုပ်ငန်းအကျိုးခံစားခွင့်တွေကို ပေးအပ်သွားမှာဖြစ်တယ်လု့ိ ဆိုပါတယ်။
တပြိုင်တည်းမှာပဲ သူနာပြုသင်ကြားရေးဆရာ/ဆရာမ ၃၇၅ ဦးဟာလည်း သူနာပြုသင်တန်းကျောင်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ကျန်းမာရေးနယ်ပယ်မှာ ကျွမ်းကျင်ဝန်ထမ်းတွေရှိဖို့ အလွန်အရေးကြီးပြီး လာမယ့်ဆယ်နှစ်အတွင်း သင့်လျော် တဲ့အဆင့်တွေရောက်ရှိလာအောင် အဲဒီကျွမ်းကျင်ဝန်ထမ်းအင်အားကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
Ref: Thai govt to recruit more health workers over 10 years
#PeopleMedia