ဆရက်ထာကို အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချ
PUBLISHED - August 14, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၄
ပြစ်ဒဏ်ကျခံရဖူးတဲ့ ဖိချစ်ချူယန်ဘန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တဲ့အတွက် ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်ကို ကျင့်ဝတ်ဖောက်ဖျက်မှုကျူးလွန်သူအဖြစ် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံး ဖြတ်လိုက်ပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဏာရပြီး တစ်နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ မစ္စတာဆရက်ထာဟာ ဝန် ကြီးချုပ်ရာထူးက ဖယ်ရှားခံရမှာဖြစ်ပါတယ်။
ဆရက်ထာဦးဆောင်တဲ့ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရမှာဖြစ်ပေမဲ့ အောက်လွှတ်တော်က နောက်ထပ် ဝန်ကြီး ချုပ်အသစ် မရွေးချယ်ရသေးခင်အချိန်အထိ ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးဖြစ်သူဟာ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး လက်ရှိအစိုးရအဖွဲ့ဟာ ကြားဖြတ်အစိုးရအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။
တရားသူကြီး ၉ ဦးရှိတဲ့အနက် ၅ မဲ၊ ၄ မဲနဲ့ ဆရက်ထာကို ဝန်ကြီးချုပ်အဖြစ်က ဖြုတ်ချလိုက်တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ တရားရုံးစီရင်ချက်ချမယ့် ကြားနာမှုကို မတက်ရောက်ဘဲ ၎င်းရဲ့အထွေထွေအတွင်းရေးမှူးုဖြစ် သူ ပရုမ်မင်လတ်ဆူရီဒက်ဂျ်ကိုသာ စေလွှတ်လိုက်ပါတယ်။
မစ္စတာဆရက်ထာကို တိုင်တန်းခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ၄၀ လည်း ကြားနာပွဲကို တက်ရောက်ခြင်းမရှိ ပါဘူး။
အစိုးရဝန်ကြီးတွေရဲ့ကျင့်ဝတ်အဖြစ် ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၀ (၄) နဲ့ (၅) အရ ဝန်ကြီး ချုပ်ဆရက်ထာကို ရာထူးက ဖယ်ရှားပေးဖို့ အဲဒီလွှတ်တော်အမတ်တွေက တရားရုံးကို တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ဆရက်ထာခန့်အပ်ခဲ့တဲ့ ဖိချစ်ချူယန်ဘန်းဟာ အပေါင်းအဖော်နှစ်ဦးဟာ တရားရုံး ကို ထမင်းဘူးထဲမှာ ဒေါ်လာ ၂ သန်းထည့်ပြီး လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၆ လစီ ကျခံခဲ့ရသူများဖြစ်ပါတယ်။
ဖိချစ်ဟာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အရည်အချင်း မပြည့်မီဘူူးလို့ အတိုက်အခံ တွေက ဝေဖန်ခဲ့ကြပါတယ်။
လွှတ်တော်အမတ်တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးကို မတိုင်တန်းခင်ကတည်းက ဖိချစ်က ဝန်ကြီးအဖြစ်က နုတ်ထွက်သွားခဲ့ပါတယ်။
တရားရုံးက ဖိချစ်ကို ဆက်လက်တရားစွဲဆို ကြားနာခြင်းမရှိတော့ပေမဲ့ မစ္စတာဆရက်ထာအမှုကို ဆက်လက် ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။
ဆရက်ထာက “၎င်းအနေနဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်တာနဲ့ပတ်သက်လို့ စည်းမျဉ်းဥပဒေတွေ အားလုံးကို ရင်းနှီးကျွမ်းဝင်ခြင်းမရှိခဲ့ဘူး” ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။
လူသိများတဲ့ ဖိချစ်ကို ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တဲ့ကိစ္စမှာ ဆရက်ထာရဲ့ အကြောင်းပြချက်ကို လက်ခံပြီး နားလည် ခွင့်လွှတ်စရာ အကြောင်းမရှိဘူးလို့ တရားရုံးဘက်က တုံ့ပြန်ပါတယ်။
Ref: PM dismissed after court ruling
#PeopleMedia