• Follow Us on
Latest News

Home ဆရက်သာအတွက် ညွန့်ပေါင်းအဖွဲ့က မဲ ၃၁၄ မဲ ရထားပြီဖြစ်ကြောင်း ဖီယူထိုင်းပါတီပြော

ဆရက်သာအတွက် ညွန့်ပေါင်းအဖွဲ့က မဲ ၃၁၄ မဲ ရထားပြီဖြစ်ကြောင်း ဖီယူထိုင်းပါတီပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ဖီယူထိုင်းပါတီအနေနဲ့ တခြားပါတီ ၁၀ ပါတီနဲ့ ညွန့်ပေါင်းအဖွဲ့ဖွဲ့နေပြီဖြစ်တဲ့အတွက် ပါတီရဲ့ဝန်ကြီးချုပ်လောင်း ဆရက်သာသာဗီဆင်အတွက် ထောက်ခံမဲ ၃၁၄ မဲ ရရှိထားပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

 

ညွန့်ပေါင်းအဖွဲ့ရရှိမဲတွေကတော့ ဖီယူထိုင်းပါတီ (၁၄၁ မဲ)၊ ဖုန်ဂျိုင်ထိုင်းပါတီ (၇၁ မဲ)၊ ပါလန်ပရာချာရတ်ပါတီ (၄၀ မဲ)၊ United Thai Nation UTN ပါတီ (၃၆ မဲ)၊ ချတ်ထိုင်းပတ္တနာပါတီ (၁၀ မဲ)၊ ပရာချာချတ်ပါတီ (၉ မဲ)၊ ချတ်ပတ္တနာကလာပါတီ (၂ မဲ)၊ ဖီယူထိုင်းရမ်ဖာလန်ပါတီ (၂ မဲ)၊ ထိုင်းလစ်ဘရယ်ပါတီ (၁ မဲ)၊ ထိုင်းကောင်တီ များပါတီ (၁ မဲ) နဲ့ ပလန်ဆောင်ခွမ်မိုင် (၁ မဲ) တို့ဖြစ်ပါတယ်။

 

ဖီယူထိုင်းပါတီဟာ အခုညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပြီး ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ကာကွယ်ပေးထားတဲ့ဥပဒေကို သွားမထိပါဘူးလို့ ကတိ ပေးခဲ့ရပါတယ်။

 

ဖီယူထိုင်းပါတီက ဝန်ကြီးဌာန ၉ နေရာ၊ ဖုန်ဂျိုင်ထိုင်းပါတီက ၄ နေရာ၊ ပါလန်ပရာချာရတ်ပါတီက ၂ နေရာ၊ UTN ပါတီက ၂ နေရာ၊ ချတ်ထိုင်းပတ္တနာပါတီက ၁ နေရာမှာ၊ ပရာချာချတ်ပါတီက ၁ နေရာ လျာထားတယ်လို့ ပါတီခေါင်းဆောင် ချိုနန်ဆရီကောက ပြောပါတယ်။

 

ဖီယူထိုင်းပါတီက ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုကိုတည်ထောင်သွားမယ်၊ အနိမ့်ဆုံးလုပ်ခ ဘတ် ၆၀၀ သတ် မှတ်သွားမယ်၊ ဘွဲ့ရတစ်ဦးအနိမ့်ဆုံးလစာ ဘတ် ၂၅၀၀၀ သတ်မှတ်သွားမယ်၊ မိမိဆန္ဒအလျောက်စစ်မှုထမ်း ဆောင်ခြင်းစနစ်ကိုအကောင်အထည်ဖော်သွားမယ်၊ လယ်ယာထွက်ကုန်ဈေးကောင်းရအောင်ဆောင်ရွက်သွား မယ်၊ နိုင်ငံတောင်ပိုင်းမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်သွားမယ်၊ ကျန်းမာရေးအ လို့ငှာ ဆေးခြောက်သုံးစွဲခြင်းကို ခွင့်ပြုသွားမယ်ဆိုတဲ့ မူဝါဒတွေချမှတ်ထားပါတယ်။

 

ညွန့်ပေါင်းအဖွဲ့က ပါတီအားလုံးဟာ ဖီယူထိုင်းပါတီကချမှတ်ထားတဲ့ မူဝါဒတွေကို ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့တယ်လို့ ချိုနန်ဆရီကောက ပြောပါတယ်။

 

ဖီယူထိုင်းပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုပြီး ဒီမိုကရေစီကျအောင် ပြန်လည်ပြုပြင်သွားမှာဖြစ်ကြောင်း လည်း ၎င်းက ပြောပါတယ်။

 

ညွန့်ပေါင်းအဖွဲ့ထဲကပါတီတွေကို ပြည်သူအတွက်အကျိုးရှိမယ့်အလုပ်တွေလုပ်နိုင်အောင် မူဝါဒတွေ အဆိုပြု တင်သွင်းဖို့ ခွင့်ပြုသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

လူနေမှုစရိတ်တွေမြင့်မားလာပြီး ပြည်သူတွေအနေနဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာမို့ စီးပွားရေး အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ချိုနန်က ပြောပါတယ်။

 

အငယ်စားလုပ်ငန်းတွေနဲ့ အလတ်စားလုပ်ငန်းတွေဟာ ဆက်လက်ရှင်သန်ရပ်တည်ဖို့ မနည်းရုန်းကန်လှုပ်ရှား နေရကြောင်း၊ ဖီယူထိုင်းပါတီနဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အဲဒီအခြေအနေတွေကို သဘောပေါက်ထားတာမို့ နိုင်ငံနဲ့ ပြည်သူအပေါ် ထိခိုက်နစ်နာစေမယ့် အဲဒီအခြေအနေတွေကို ဒီအတိုင်းလွှတ်ထားပြီး အချိန်ဖြုန်းနေမှာမဟုတ် ကြောင်း ၎င်းက ပြောပါတယ်။

 

ပဋိပက္ခတွေကိုလျှော့ချပြီး သာယာဝပြောတဲ့ ဒီမိုကရေစီစနစ်ဆီအရောက်လှမ်းနိုင်ဖို့ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေအားလုံး အတူတကွလက်တွဲပြီးချီတက်ကြဖို့လည်း ချိုနန် ဆရီကောက တိုက်တွန်းလိုက်ပါတယ်။

 

Ref: Pheu Thai promises to keep its policies alive as it forms coalition: The Nation

 

#PeopleMedia


Share this post