ဆရာလေးခေမာရံသီမှ ဆွမ်းဆန်စိမ်းအလှူခံမှရရှိသည့် အလှူပစ္စည်းများနှင့် ဝတ္ထုငွေများကို ပြန်လည်လှူဒါန်း

PUBLISHED - December 17, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (People Media)
သုညတဓမ္မရံသီတရားရိပ်သာ(အင်းတကော်)ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီမှ ဆွမ်းဆန်စိမ်း အလှူခံမှရရှိသည့် အလှူပစ္စည်းများနှင့် ဝတ္ထုငွေတို့အား သုညတဓမ္မရံသီတရားရိပ်သာတွင် နေထိုင်သော သံဃာ၊ သီလရှင်၊ ယောဂီများအတွက်နှင့် ယခုကာလအတွင်း စားဝတ်နေရေး အလွန်ခက်ခဲနေကြသော ရပ်ကွက်များသို့ အစားအသောက်များ ပြန်လည်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာလေးခေမာရံသီမှ ဦးဆောင်၍ သီလရှင်ဆရာကြီး၊ ဆရာလေးများမှ ယခုလအတွင်း ကြည့်မြင်တိုင်မြို့နယ်၊ လသာမြို့နယ်၊ တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်တို့တွင် ဆွမ်းဆန်စိမ်း အလှူခံကြွရောက်ခဲ့ပြီး၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကင်းမြို့နယ်သို့ ညနေ ၃ နာရီမှ စတင်၍ ဆွမ်းဆန်စိမ်း အလှူခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းအလှူခံမှ ရရှိလာသည့် အလှူပစ္စည်းများနှင့် ဝတ္ထုငွေတို့အား အင်းတကော်မြို့နယ်၊ သုည တဓမ္မရံသီတရားရိပ်သာတွင် သီတင်းသုံးနေထိုင်၍ ဝိပဿနာ တရားဘာဝနာ အားထုတ်နေကြကုန်သော အမြဲ နေ သံဃာ၊ သီလရှင်၊ ယောဂီများအတွက်နှင့်၊ ယခုကာလအတွင်း စားဝတ်နေရေး အလွန်ခက်ခဲနေကြသော ရပ်ကွက်များသို့ အစားအသောက်များ တတ်အားသရွေ့ ပြန်လည်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဆရာလေးခေမာရံသီမှ ဦးဆောင်၍ စုပေါင်းဇီဝိတဒါန ကုသိုလ်ရှင်များနှင့် ဆွမ်းဆန်စိမ်းအလှူရှင်များ၏ စုပေါင်းအလှူများဖြင့် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်တဲအိမ်ထောင်စု (၃၅၀) သို့ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ ကြာဇံ၊ ခေါက်ဆွဲနှင့် အလှူငွေတို့အား ပြန်လည်လှူဒါန်းခြင်းခဲ့ကြောင်း သိရသည်။
#PeopleMedia #သာသနာရေး #ဆရာလေးခေမာရံသီ
(unicode)
…………………………………………………………