ဆာမတ်နျုကလီးယားတိုက်ချင်းပစ်ဒုံးကျည်ကို ယခုနှစ်အတွင်း တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း ပူတင်ပြော
PUBLISHED - February 24, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄
မကြာသေးခင်က ရုရှားနိုင်ငံကပြုလုပ်ခဲ့တဲ့ ဆာမတ် (Sarmat) တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုဟာ မ အောင်မြင်ဘူးလို့ အမေရိကန်တွေကပြောနေပေမဲ့ အဲဒီဆာမတ်ဒုံးကျည်ကို အခုနှစ်အတွင်းမှာ တပ်ဖြန့်ချသွား မယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အနောက်နိုင်ငံတွေက စာတန် ၂ (Satan 2) လို့ ခေါ်တဲ့ ဆာမတ်တိုက်ချင်းပစ်ဒုံးကျည်ဟာ ၃၅ မီတာ (၁၁၅ ပေ) ရှည်လျားပြီး အကွာအဝေး ကီလိုမီတာ ၁၈,၀၀၀ (၁၁,၁၈၅ မိုင်) အထိ ပစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။ ဆာမတ်ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးမျိုးစုံကို သယ်ဆောင်သွားနိုင်ပါတယ်။
“ကျွန်တော်တို့ အရင်တုန်းကအတိုင်းပဲ ကြည်း၊ ရေ၊ လေ နျူကလီးယားစွမ်းရည်တိုးမြှင့်ရေးအတွက် အထူးအ လေးထားအာရုံစိုက်လုပ်ဆောင်နေပါတယ်။ အခုနှစ်ထဲမှာပဲ ဆာမတ်တိုက်ချင်းပစ်ဒုံးကျည်ရဲ့ပထမဦးဆုံး ဒုံးပစ် စင်တွေကို တိုက်ပွဲဝင်အသင့်အနေအထားနဲ့ တပ်ဖြန့်ချသွားမှာဖြစ်ပါတယ်။” လို့ “အဖမြေကာကွယ်သူများနေ့” အထိမ်းအမှတ်အဖြစ် ကရင်မလင်ကထုတ်လွှင့်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ပူတင်က အခုလိုပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နှစ်ပတ်လည်နေ့မတိုင်ခင် တစ်ရက်အလိုမှာ အခုမိန့်ခွန်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီမိန့်ခွန်းနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့အထူးလုပ်ပိုင်ခွင့်ဘောင်ထဲမှာရှိကြောင်းပြောဆိုရင်း အ သေးစိတ်ပြောဆိုဖို့ ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပကစ်ကော့ဗ်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြော ပါတယ်။
ဆာမတ်တိုက်ချင်းပစ်ဒုံးကျည်ဟာ ကမ္ဘာပေါ်က ဘယ်လိုပစ်မှတ်မျိုးကိုမဆိုပစ်ခတ်နိုင်ကြောင်း၊ ရုရှားရဲ့ရန်သူ တွေအနေနဲ့ အလုပ်တစ်ခုမလုပ်ခင် ဂရုတစိုက်စဉ်းစားချင့်ချိန်ဖို့လိုကြောင်း ပူတင်က ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ချုပ်ဆိုထားတဲ့ New START နျူကလီးယားလက်နက်လျှောချရေး သဘောတူစာချုပ်အရ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုတော့ဘဲ ရပ်တန့်ထားလိုက် ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီစာချုပ်သက်တမ်းကုန်မယ့် ၂၀၂၆ ခုနှစ်အစောပိုင်းကာလအထိ စာချုပ်ပါစည်းကမ်းချက်တွေကို လိုက်နာသွားမှာဖြစ်ကြောင်း နောက်ပိုင်းမှာ ရုရှားအစိုးရက ပြောဆိုခဲ့ပါတယ်။
Ref: Putin Says Sarmat Nuclear Missile to Be Deployed This Year
#PeopleMedia
(unicode)
……………………………………………
Ref: Putin Says Sarmat Nuclear Missile to Be Deployed This Year
#PeopleMedia