ဆိုင်ကလုန်းမုန်တိုင်းဒါနာအရှိန်ကြောင့် (၂၄) နာရီအတွင်း မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
PUBLISHED - October 24, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၄
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဒါနာ၏အရှိန်ကြောင့် ယနေ့ နံနက်မှ နောက် (၂၄)နာရီအတွင်း နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေရာကွက်၍ မိုးကြီးခြင်းများ နှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။
ယနေ့မြန်မာစံတော်ချိန် နံနက် ၅နာရီ ၃၀အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ဒါနာ” (DANA) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ ဂွမြို့(Gwa)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့(Dhamara)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၉၉၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၅၅ မိုင် မှ ၆၅ မိုင်နှုန်းခန့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဒါနာ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြား ဒမ်မရာမြို့ (Dhamara)အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဒါနာ၏အရှိန်ကြောင့် ယနေ့ နံနက်မှ နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသ အလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ နှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia