ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းတချို့တွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်
PUBLISHED - May 27, 2024
နေပြည်တော်၊ မေ ၂၇
ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်) အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းတချို့တွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ် (လ်)” (REMAL)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်း ကောင်း၊ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း တစ်ဖြည်းဖြည်း အားလျော့သွားနိုင်သည် ဟု ခန့်မှန်းရကြောင်း သိရသည်၊၊
ဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်)”(REMAL)၏ အရှိန်ကြောင့် နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ကြောင်း သိရသည်။
#PeopleMedia