ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ကာဒစ်ပစ်မှတ်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ တူရကီခြိမ်းခြောက်
PUBLISHED - October 5, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၅
ကာဒစ်စစ်သွေးကြွတွေက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားနဲ့ အီရတ်နိုင်ငံထဲမှာရှိတဲ့ ကာဒစ်ပစ်မှတ်တွေကို လေကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ် ကြောင်း တူရကီအစိုးရက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် တူရကီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထိပ်တန်းအမျိုးသားလုံခြုံ ရေးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
တနင်္ဂနွေနေ့က တူရကီပြည်ထဲရေးဝန်ကြီးဌာနအပြင်ဘက်မှာ ကာဒစ်စစ်သွေးကြတစ်ဦးက အသေခံဗုံးခွဲရာမှာ သေဆုံးသွားသလို နောက်ထပ်တစ်ဦးကတော့ တူရကီရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
တူရကီနိုင်ငံနဲ့ ၎င်းရဲ့မဟာမိတ်အနောက်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ ကာဒစ် အ လုပ်သမားပါတီ (PKK) အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ အန်ကာရာြမို့မှာ ဖြစ်ပွားခဲ့တဲ့ဗုံးပေါက်ကွဲမှုလို အဖြစ်အပျက် ကအစ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဆောင်ရွက်ချက်အရ သိလာရတာကတော့ အဲဒီအကြမ်းဖက်သမားနှစ် ဦးဟာ ဆီးရီးယားကလာတာဖြစ်ပြီး ဆီးရီးယားမှာပဲ လေ့ကျင့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။” လို့ နိုင်ငံခြားရေး ဝန်ကြီး ဟာကန်ဖီဒန်က ရုပ်သံတွေ့ဆုံခန်းမှာ ထည့်သွင်းပြောကြားပါတယ်။
“အခုအချိန်ကစပြီး အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာဒစ်လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်နွယ်တဲ့ အခြေခံအဆောက်အဦတွေ၊ စခန်းတွေနဲ့ စွမ်းအင်ထုတ်လုပ်ရေးဌာနတွေအားလုံး ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ ဝင်တွေရဲ့ တရားဝင်ပစ်မှတ်တွေဖြစ်သွားပါပြီ။” လို့ ၎င်းက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ တူရကီနိုင်ငံက အီရတ်နိုင်ငံထဲမှာရှိနေတဲ့ ကာဒစ်စခန်း တွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အီရတ်ကာကွယ်ရေးဝန်ကြီးသာဘက်အယ်လ်အက်ဘာဆီဟာ တူရကီကာကွယ်ရေးဝန်ကြီး ယာဆာဂူလာနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြာသပတေးနေ့မှာ အန်ကာရာကို လာရောက်မှာဖြစ်ပါတယ်။
တူရကီအစိုးရက ဆီးရီးယားနိုင်ငံထဲမှာ တူရကီတပ်တွေတပ်ဖြန့်ချထားသလို အဲဒီမှာရှိနေတဲ့ ကာဒစ်ပစ်မှတ် တွေကိုလည်း တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အမြောက်ပစ်ခတ်မှုတွေကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာဒစ်လက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ နယ်မြေ တချို့ကို ထိန်းချုပ်ထားပြီး တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နေထိုင်နေကြတာဖြစ်ပါတယ်။
ဒေသတွင်း ကာဒစ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အမေရိကန်ထောက်ပံ့ထားတဲ့ ဆီးရီးယားဒီမိုကရက် တစ်တပ်ဖွဲ့ (Syrian Democratic Forces – SDF) က ၂၀၁၉ ခုနှစ်မှာ ဆီးရီးယားနိုင်ငံထဲကနေ အိုင်အက်စ်အဖွဲ့ ကလက်နက်ကိုင်တပ်ဖွဲ့တွေကို မောင်းထုတ်ခဲ့တဲ့တိုက်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
ဒါပေမဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကို လွှမ်းမိုးထားတဲ့ ကာဒစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ဟာ ကာဒစ်အလုပ်သမားပါတီ (PKK) ရဲ့ အဆွယ်အပွားအဖြစ် တူရကီအစိုးရက ရှုမြင်ထားပါတယ်။
တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်ကတော့ ဆီးရီးယားနိုင်ငံထဲကို အကြိမ်ပေါင်းများစွာဝင်ရောက်တိုက်ခိုက် ခဲ့ပြီး မကြာသေးခင်ကပဲ ကာဒစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ ခြိမ်း ခြောက်ခဲ့ပါတယ်။
Ref: Turkey Threatens to Expand Strikes in Syria, Iraq
#PeopleMedia