ဆူဒန်တွင် စစ်ဦးစီးချုပ်နှင့် ရာထူးဖယ်ရှားခံ ဝန်ကြီးချုပ်အကြား နိုင်ငံရေးကြေညာချက် လက်မှတ်ရေးထိုး၊ ဝန်ကြီးချုပ်ကို မူလရာထူးပြန်အပ်နှင်း

PUBLISHED - November 22, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂ (People Media)
ဆူဒန်နိုင်ငံတွင် တစ်လနီးပါးကြာ နိုင်ငံရေးအကြပ်အတည်းတစ်ခု ပေါ်ပေါက်ခဲ့ရပြီးနောက် ဆူဒန်နိုင်ငံစစ်တပ်၏ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan နှင့် ရာထူးမှ ဖယ်ရှားခြင်းခံရသော ဝန်ကြီးချုပ် Abdalla Hamdok တို့ သည် နိုင်ငံရေးသဘောတူညီမှုကြေညာချက်တစ်ခုကို နိုဝင်ဘာ ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကြေ ညာချက်ထဲတွင် Abdalla Hamdok အား ဝန်ကြီးချုပ်အဖြစ် ရာထူးပြန်လည်အပ်နှင်းသွားရန်လည်း ပါဝင် ကြောင်း သိရသည်။
ဆူဒန်နိုင်ငံသည် အောက်တိုဘာ ၂၅ ရက်တွင် အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရအဖွဲ့အား ဖျက် သိမ်းကြောင်းနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာကြောင်း စစ်ဦးစီးချုပ် Al-Burhan က ထုတ်ပြန် ကြေညာခဲ့ပြီးနောက်တွင် နိုင်ငံရေးအကြပ်အတည်းတစ်ခုဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
နိုဝင်ဘာ ၁၁ ရက်တွင် စစ်ဦးစီးချုပ် Al-Burhan က အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာပိုင်ကောင်စီ တစ်ခု ဖွဲ့စည်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေအမိန့်ဒီဂရီတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး သူ့ကိုသူ ကောင်စီဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။
ထိုအချိန်မှစတင်ကာ မြို့တော် ခါတွန်နှင့် အခြားမြို့ကြီးများတွင် စစ်ဦးစီးချုပ်၏ လုပ်ရပ်များအပေါ် ကန့်ကွက် သည့် လူထုဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ရသည်။
အဆိုပါ နိုင်ငံရေးကြေညာချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ဖြစ်ကာ ရာထူးမှ ပြုတ်ကျသွားပြီ ဖြစ် သည့် ယခင် သမ္မတ Omar al-Bashir ၏ အမျိုးသားကွန်ဂရက်ပါတီအား ဖျက်သိမ်းရန်မှလွဲ၍ အသွင်ကူး ပြောင်းရေးကာလအတွက် အဓိကကိုးကားရန် ဥပဒေပြဌာန်းချက်ဖြစ်သည်။
ယင်းကြေညာချက်ထဲတွင် အရပ်သားနှင့် စစ်တပ် သက်ဆိုင်သူများအကြား မိတ်ဖက်ဆက်ဆံရေးကို ထပ် လောင်းအတည်ပြုထားပြီး ဆူဒန်နိုင်ငံ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အာမခံထားကြောင်း၊ အချုပ်အခြာ အာဏာပိုင်ကောင်စီအနေဖြင့် အစိုးရ၏ လုပ်ငန်းဆောင်တာများကို ဝင်ရောက်နှောက်ယှက်ခြင်းမပြုဘဲ အသွင်ကူးပြောင်းရေးကာလအား စောင့်ကြပ်ထိန်းကြောင်းပေးသွားရန်ဖြစ်ကြောင်း ဆိုသည်။
ယင်းနိုင်ငံရေးကြေညာချက်ထဲတွင် မကြာသေးခင်ကဖြစ်ပွားသော ဆန္ဒပြပွဲများအတွင်း အရပ်သားများနှင့် စစ်သားများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးရန် ကတိကဝတ်ပြုခဲ့ပြီး ဥပဒေပြုရေးကောင်စီ နှင့် တရားစီရင်ရေးကဏ္ဍအပါအဝင် အသွင်ကူးပြောင်းရေးယန္တရားများကို အပြည့်အဝ ဖော်ဆောင်သွားရန် လည်း ကတိကဝတ်ပြုခဲ့သည်။
၁၉၈၉ ခုနှစ်ကတည်းက ရှိခဲ့သည့် al-Bashir အစိုးရအုပ်ချုပ်မှုဖျက်သိမ်းရေးကော်မတီကို လုပ်ငန်းပြန်လည် အသက်သွင်းရန်နှင့် ၎င်း၏ အစောပိုင်းကာလလုပ်ဆောင်ချက်များအပေါ် ပြန်လည်သုံးသပ်မှုပြုလုပ်သွား ရန်လည်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ကြေညာချက်တွင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် စည်းလုံး ညီညွတ်သည့် အမျိုးသားစစ်တပ်တစ်ခု ဖွဲ့စည်းတပ်ဆောက်ရန်လည်း အခိုင်အမာကတိပြုထားသည်။ အဆိုပါ သဘောတူကြေညာချက်လက်မှတ်ရေးထိုးပွဲကို ဆူဒန်နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး ဝန်ကြီးချုပ် Hamdok က အမှာစကားပြောကြားရာတွင် ကြေညာချက်အား လက်မှတ်ရေးထိုးလိုက်ခြင်းသည် အသွင်ကူး ပြောင်းရေးကိစ္စရပ်အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်တံခါးဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
“နိုင်ငံရေးစစ်မှန်တဲ့အခြေအနေမှာ သိပ်ကိုကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ် ဒါပေမယ့် ကျွန် တော်တို့ဟာ အတူတကွ အလုပ်လုပ်ကြဖို့ စွမ်းဆောင်ရည်ရှိကြပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကြေညာချက်ထဲတွင် ပြီးခဲ့သော နှစ်နှစ်တာကာလအတွင်းရရှိခဲ့သည့် အောင်မြင်မှုအသီးအပွင့်များကို ဆက်လက်ထိန်းသိမ်းသွားရန် အခွင့်အလမ်းကို သဘောတူညီခဲ့ကြပြီး အသွင်ကူးပြောင်းရေးကို အခြေခံသည့် အရပ်သားဒီမိုကရေစီအသွင်းကူးပြောင်းရေး ကျယ်ကျယ်ပြန့်ပြန့်တွန်းအားပေးသွားရန်လည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
“သဘောတူညီချက်တစ်ခုထဲမှာ အသွင်ကူးပြောင်းရေးကာလအတွက် စစ်မှန်တဲ့ အခြေခံအုတ်မြစ်တွေကို ချမှတ်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု စစ်ဦးစီးချုပ် Al-Burhan က ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
စစ်တပ်အနေဖြင့် ဆူဒန်နိုင်ငံတွင် မည်သည့်နိုင်ငံရေးပါတီကိုမျှ ဖျက်သိမ်းသွားရန် မရည်ရွယ်ကြောင်း၊ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ် ပြည့်ပြည့်ဝဝဖြစ်စေရေး လုပ်ဆောင်သွားရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ကတိကဝတ်ပြုကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် ဧပြီ ၁၁ ရက်က al-Bashir အစိုးရအဖွဲ့ပြုတ်ကျသွားပြီးနောက် ဆူဒန်နိုင်ငံတွင် အရပ်သားနှင့် စစ်သားများ ပါဝင်သော အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့တစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။
(Xinhua)
#PeopleMedia #နိုင်ငံတကာ
(unicode)
……………………………………………………………
(Xinhua)