ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့်ဒေသများတွင် မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြောကြား

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့်ဒေသများမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ အစဉ်တိုးတက်နေမည် ဖြစ်ကြောင်း နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးပေါ်တစ်ဦးတန်ဖိုးထားကာ လေးစားမှုဖြင့် ရှေးပဝေသဏီကတည်းက အတူတကွနေထိုင်ခဲ့ကြကြောင်း၊ မွေးဖွားရာဇာတိ နေထိုင်ရာအရပ်ဒေသ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ မည်သို့ပင် ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ မရှိအတူ ရှိအတူ စည်းလုံး ညီညွတ်စွာဖြင့် ဆွေမျိုးသားချင်းပမာ လက်တွဲနေထိုင်ခဲ့ကြကြောင်း ပြောသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် နာဂတိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း၊ နာဂတိုင်းရင်းသား လူမျိုးများ၏ မျိုးနွယ်စုရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်းအကပဒေသာများ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၈၂ ခု ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၅၈ ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့်ဒေသများမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ အစဉ်တိုးတက်နေမည်ဖြစ်ကြောင်း၊ နာဂဒေသသည်လည်း အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်ပြီး နာဂလူမျိုးများ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေအောင် ဆောင်ရွက် ရန် ဒေသတွင်းနေတိုင်းရင်းသား ပြည်သူအားလုံးမှာတာဝန်ရှိပြီး အလုပ်ကိုကြိုးစားလုပ်ကိုင်ဆောင်ရွက်သွား ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
#PeopleMedia