• Follow Us on

Home ဆော်ဒီကို Eurofighter တိုင်ဖွန်း ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ ဂျာမနီအသင့်ဖြစ်နေ

ဆော်ဒီကို Eurofighter တိုင်ဖွန်း ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ ဂျာမနီအသင့်ဖြစ်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု နှစ်ပေါင်းများစွာကြာအောင် ပိတ်ပင်ထားခဲ့တဲ့ ဂျာမနီ နိုင်ငံဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံအတွက် Eurofighter တိုင်ဖွန်း ဂျက်တိုက်လေယာဉ်တွေကို ရောင်းချပေး ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

Eurofighter တိုင်ဖွန်းဂျက်တိုက်လေယာဉ်ကို ဂျာမနီ၊ ဗြိတိန်နဲ့ စပိန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီ လေယာဉ်အရောင်းအဝယ်နဲ့ပတ်သက်လို့ နိုင်ငံအသီးသီးဟာ ဗီတိုအာဏာနဲ့ ပိတ်ပင်ခွင့်ရှိပါတယ်။

 

ဂျာမန်အစိုးရဟာ ၂၀၁၈ ခုနှစ်ကတည်းက ဗြိတိန်အစိုးရက တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ ကြိုးပမ်းခဲ့တာကို ပိတ်ပင်တားဆီးခဲ့ဖူးပါတယ်။

 

“ကျွန်မတို့ကိုယ် ကျွန်မတို့ Eurofighter ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ ကြိုးပမ်းခဲ့တဲ့ ဗြိတိန်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ ဂျာမန်ဖက်ဒရယ်အစိုးရအဖြစ် မမြင်ပါဘူး။” လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘရာ ဘော့ခ်က သတင်းထောက်တွေကို ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ဖြစ်ပွားကတည်းက အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးအကျပ်အတည်းနယ်ပယ်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့အခန်းကဏ္ဍ အရေးပါပုံကို နိုင်ငံခြားရေးဝန် ကြီးဘရာဘော့ခ်က အလေးထားပြောပါတယ်။

 

၂၀၁၈ ခုနှစ်မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အစိုးရကိုပြင်းပြင်းထန်ထန် ဝေဖန်တဲ့ဂျာနယ်လစ်ဂျမားလ်ကပ်ရှ်ရှာဂီ သတ်ဖြတ်ခံရပြီးနောက် ဂျာမနီနိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံကို လက်နက်ရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။

 

အဲဒီပိတ်ဆို့မှုထဲမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် လန်ဒန်မြို့မှာလက်မှတ်ရေးထိုးခဲ့တဲ့ Eurofighter ဂျက်တိုက်လေယာဉ် ၄၈ စင်းရောင်းချရေးလည်း ပါဝင်ခဲ့ပါတယ်။

 

စစ်ပွဲစတင်ကတည်းက ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့ဟာ ၎င်းတို့နှစ်နိုင်ငံရဲ့ပုံမှန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဘရာဘော့ခ်က ပြောပါတယ်။

 

“ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ဟူသီသူပုန်တွေ အစ္စရေးကို ပစ်မှတ်ထားပစ်ခတ်နေတဲ့ ဒုံးကျည်တွေကို ကြား ဖြတ်ပစ်ချနေပါတယ်။ ဒီလုပ်ရပ်အတွက် ကျွန်မတို့ ကျေးဇူးတင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဒီစစ်ဆင်ရေးမှာ ဆော်ဒီလေတပ်က Eurofighter ဂျက်တိုက်လေယာဉ်တွေအသုံးပြုနေတာဆိုတာကလည်း လူတိုင်းသိတဲ့ကိစ္စပါပဲ။ ဆော်ဒီအာရေးဗီးယားဟာ အခုလိုအချိန်မျိုးမှာတောင် အစ္စရေးလုံခြုံရေးအတွက် အဓိက အထောက်အကူပြုနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေးဗီးယားဟာ ဒေသတွင်းစစ်မီး တောက် လောင်လာမယ့်အန္တရာယ်ကိုလည်း တားဆီးဖို့ ကူညီနေတာဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန် ကြီးဘရာဘော့ခ် က အလေးထားပြောပါတယ်။

 

Ref: Germany Ready to Sell Eurofighter Jets to Saudi Arabia: Minister

 

#PeopleMedia


Share this post