• Follow Us on
Latest News

Home ဆော်ဒီ စစ်လက်နက်ပစ္စည်းပြပွဲမှာ တရုတ်ဒရုန်းတွေ ခင်းကျင်းပြသ

ဆော်ဒီ စစ်လက်နက်ပစ္စည်းပြပွဲမှာ တရုတ်ဒရုန်းတွေ ခင်းကျင်းပြသ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀

 

အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသနဲ့ ပင်လယ်နီတို့မှာ တင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း ဆော်ဒီအာ ရေးဘီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ စစ်လက်နက်ပစ္စည်းပြပွဲမှာ တရုတ်ကုမ္ပဏီတွေက ဖောက်သည်နိုင်ငံတွေကို ဆွဲ ဆောင်ဖို့ ကြိုးပမ်းနေစဉ် ဒရုန်းတွေဟာ ပိုမိုအရေးပါတဲ့နေရာကို ရောက်ရှိလာပါတယ်။

 

ဒုတိယအကြိမ် ကမ္ဘာ့စစ်လက်နက်ပစ္စည်းပြပွဲကို ဆော်ဒီအာရေးဘီးယားနိုင်ငံ ရီယတ်မြို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပသွားရာ နိုင်ငံပေါင်း ၇၅ နိုင်ငံက စစ်လက်နက်ပစ္စည်းကုမ္ပဏီ ၇၇၃ ခု ပါ ဝင်ပြသသွားပါတယ်။

 

အဲဒီပြပွဲမှာ တရုတ်နိုင်ငံက ကုမ္ပဏီ ၃၆ ခု ပါဝင်ပြီး စစ်လက်နက်ပစ္စည်းတွေ ခင်းကျင်းပြသသွားပါတယ်။

 

တရုတ်နိုင်ငံရဲ့ ယာယီပြခန်းဆောင်တစ်ခုမှာတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေက ကမ်းလှမ်းထားတဲ့ မောင်းသူမဲ့လေယာဉ်ပြပွဲတစ်ခုကို တွေ့ရပါတယ်။

 

တရုတ်ပြခန်းထဲမှာ ချန်ဒူးလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ (Chengdu Aircraft Industry Group) ကထုတ်လုပ် ပြီး နောက်ဘက်အမြီးမှာ ဆော်ဒီအလံတံဆိပ်ရိုက်နှိပ်ထားတဲ့ Wing Loong-2 ဒရုန်းအပါအဝင် တရုတ်အစိုးရ ပိုင်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ မောင်းသူမဲ့လေယာဉ်ပေါင်း အမျိုး ၃၀ ကျော်ကို ခင်းကျင်းပြသထားပါတယ်။

 

၂၀၁၇ ခုနှစ်မှာ ပထမဦးဆုံးစတင်မိတ်ဆက်ခဲ့တဲ့ Wing Loong-2 ဒရုန်းဟာ လက်နက်အလေးချိန် ၁၀၅၈ ပေါင် (၄၈၀ ကီလိုဂရမ်) သယ်ဆောင်ပြီး ၃၂ နာရီဝန်းကျင်ကြာ ပျံသန်းနိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။

 

ဆော်ဒီအာရေးဘီးယားဟာ ၂၀၁၇ ခုနှစ်မှာ စံပြအဖြစ် တရုတ်ဒရုန်း ၃၀၀ စတင်ဝယ်ယူပြီး အဲဒီဒရုန်းတွေနဲ့ ယီမင်နိုင်ငံက ဟူသီစစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ပါတယ်။

 

ဒီပြပွဲမှာ တရုတ်စစ်သုံးဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီလေးငါးခုက ပထမဦးဆုံးအကြိမ်အဖြစ် ၎င်းတို့ဒရုန်းတွေကို ခင်းကျင်းပြသခဲ့ရာ Beijing Hoverwing Technology က စောင့်ကြည့်ထောက်လှမ်းတာဝန်၊ မြေပုံဆွဲတာဝန်နဲ့ တိုက်ခိုက်ရေးတာဝန်တွေထမ်းဆောင်နိုင်တဲ့ HW-150V ဒရုန်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

တရုတ်နိုင်ငံက Leap1 Innovations ကလည်း ဒေါင်လိုက်တက်ဆင်းနိုင်ပြီး အလေးချိန် ၃ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ ဒရုန်းအသစ်တစ်မျိုးကို ပြသခဲ့ပါတယ်။

 

ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်တဲ့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီစစ်သွေးကြွတွေကို အမေရိကန်နဲ့ ဗြိတိန်တို့က လေကြောင်းကတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမတ်စ်စစ်ပွဲဟာ ပင်လယ်နီထဲအထိ တိုးချဲ့ဝင် ရောက်လာတဲ့အတွက် ဒရုန်းတွေဟာ အရှေ့အလယ်ပိုင်းပဋိပက္ခမှာ ပိုမိုအရေးပါလာပါတယ်။

 

အီရန်နိုင်ငံကထောက်ပံ့ထားတဲ့စစ်သွေးကြွအုပ်စုက ပြီးခဲ့တဲ့လက ဂျော်ဒန်မှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်း တစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနဲ့ တောင်အာရှက နိုင်ငံတွေဟာ Wing-Loong I ၊ Wing-Loong II ဒရုန်းတွေနဲ့ CH-3 / CH-4 ဒရုန်းတွေကို ဝယ်ယူနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

Ref: China spotlights drones at Saudi defence show

 

#PeopleMedia


Share this post