• Follow Us on

Home ဆေးဘက်ဆိုင်ရာနည်းပညာနယ်ပယ်မှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံကို ပိုလန်တိုက်တွန်း

ဆေးဘက်ဆိုင်ရာနည်းပညာနယ်ပယ်မှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံကို ပိုလန်တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၀

 

ထိုင်းနိုင်ငံနဲ့ ပိုလန်နိုင်ငံဟာ ကုန်သွယ်ရေးဆက်ဆံမှုတွေရှိနေပေမဲ့လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထူးသဖြင့် ဆေးဘက်ဆိုင်ရာနည်းပညာရင်းနှီးမြှုပ်နံှမှုနယ်ပယ်မှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံစလုံး စဉ်းစားသင့်ကြောင်း ပိုလန်သံအမတ် အာတာဒီမိုခိုစကီက ပြောကြားလိုက်ပါတယ်။

 

ပိုလန်နိုင်ငံအနေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာလွှဲပြောင်းပေးရေးနယ်ပယ်တွေမှာ ထိုင်းနိုင်ငံနဲ့ ပိုမို ရင်းနှီးတဲ့ဆက်ဆံရေးရရှိဖို့ ထူထောင်သွားလိုတဲ့ဆန္ဒရှိကြောင်း အင်္ဂါနေ့က ဘန်ကောက်မှာကျင်းပခဲ့တဲ့အစည်း အဝေးတစ်ခုမှာ မစ္စတာဒီမိုခိုစကီက ပြောပါတယ်။

 

မစ္စတာဒီမိုခိုစကီက ပိုလန်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတိုးတက်မှုအကြောင်းကို ထုတ်ဖော်ပြောကြား ရင်း အခုလို ပြောခဲ့တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဟာ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိတဲ့ နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံကို ဆေးဝါးကုသမှုခံယူ မယ့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကမ္ဘာပေါ်က အကောင်းဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်ခုအဖြစ် မှတ်ယူ ထားကြောင်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ပိုလန်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်မှုဟာ လျင်မြန်စွာတိုးတက်နေပြီး အဲဒီ ကဏ္ဍမှာအလုပ်လုပ်နေသူတွေဟာလည်း လုပ်အားခ ဈေးမကြီးပေမဲ့ အဆင့်မြင့်ကျွမ်းကျင်ဝန်ထမ်းတွေ ဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံက အရှေ့တောင်အာရှဒေသရဲ့ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိနေသလို ပိုလန်နိုင်ငံကလည်း ဥရောပဗဟိုချက်မမှာတည်ရှိနေတဲ့အတွက် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာကုန်သွယ်ရေးအတွက် အကျိုးဖြစ်ထွန်း နိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဒါ့ကြောင့် ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အ တွက် နှစ်နိုင်ငံစလုံးက အဲဒီအခွင့်အလမ်းကို အသုံးချနိုင်တယ်လို့ ထင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဆေးဘက်ဆိုင်ရာကဏ္ဍဟာ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွေမှာ ထိုင်းကုန်ထုတ်လုပ်မှု အဖွဲ့အလုပ်လုပ်နေတဲ့ လုပ်ငန်း ၄၆ ခုထဲမှာ ပါဝင်ကြောင်း ထိုင်းကုန်ထုတ်လုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဝီဝတ်ဟန် မောင်းဟာရော့ပ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ အကောင်းဆုံးဆေးရုံတချို့နဲ့ အဆင့်မြင့်ကျွမ်းကျင်ပညာရှင်တွေရှိနေသလို ပိုလန်နဲ့ ဥရောပဟာ လည်း အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာတွေ တည်ရှိတဲ့နေရာတွေဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအားသာချက်တွေကို အသုံးပြုပြီး ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေအတွက် ဆေးဘက်ဆိုင်ရာနည်းပ ညာဗဟိုချက်မတစ်ခုအဖြစ် နိုင်ငံကို အဆင့်မြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ရောက်ပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ လျှပ်စစ်ကားဝယ်လိုအားမြင့်တက်လာမှုဟာ မော်တော်ကားထုတ်လုပ်ရေးကဏ္ဍကို ပြောင်းလဲ သွားစေတဲ့အတွက် ကားထုတ်လုပ်ရေးလုပ်ငန်းမှာ လက်ရှိအချိန်မှာ လုပ်သားဦးရေတစ်သန်းနီးပါး အလုပ်လက် မဲ့ဖြစ်မယ့်အရေးနဲ့ ရင်ဆိုင်နေရကြောင်း မစ္စတာဝီဝတ်က ပြောပါတယ်။

 

ဒါ့ကြောင့် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ လမ်းကြောင်းပြောင်းပြီး မော်တော်ကားဆက် လက်ထုတ်လုပ်မယ့်အစား ဆေးဘက်ဆိုင်ရာနည်း ပညာနယ်ပယ်ထဲကို ဝင်ရောက်ပြီး ဆေးဝါးနဲ့ ဆေးဘက် ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ရေး စဉ်းစားဖို့ ထိုင်းကုန်ထုတ်လုပ်မှုအဖွဲ့က တိုက်တွန်းနေပါတယ်။

 

“ပိုလန်ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ ဆေးဘက်ဆိုင်ရာကဏ္ဍမှာ ရင်း နှီးမြှုပ်နှံသူတွေကို ထိုင်းနိုင်ငံက ကြိုဆိုပါတယ်။ ကျွန်တော်တို့ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်သလို ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖလှယ်နိုင်မှာဖြစ်ပါတယ်။” လို့ မစ္စတာဝီဝတ်က ပြောပါတယ်။

 

Ref: Poland calls for closer medical tech ties: Bangkok Post

 

#PeopleMedia


Share this post