ဇီလန်စကီးကိုလုပ်ကြံသတ်ဖြတ်ဖို့ လျှို့ဝှက်ကြံစည်မှုမှာပါဝင်တယ်ဆိုတဲ့စွဲချက်နဲ့ ယူကရိန်းဗိုလ်မှူးကြီးနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ
PUBLISHED - May 8, 2024
နိုင်ငံတကာ၊ မေ ၈
ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ရုရှားနိုင်ငံရဲ့ လျှို့ဝှက်ကြံစည်မှုမှာပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ လုံခြုံရေးအရာရှိနှစ်ဦးကို ယူကရိန်းအစိုးရက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယူကရိန်းနိုင်ငံ တော်လုံခြုံရေးအဖွဲ့ (SBU) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းအစိုးရကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်မှူးကြီးနှစ်ဦးကို ငွေကြေးအထောက်အပံ့အတွက် ယူကရိန်းနိုင်ငံ ကို အဖျက်အမှောင့်လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားကြောင်း ယူကရိန်း ရှေ့နေချုပ်ရုံးက အင်္ဂါနေ့ (မေလ ၇ ရက်နေ့) က ပြောပါတယ်။
အဲဒီဗိုလ်မှူးကြီးနှစ်ဦးစလုံးကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ထားပြီး တစ်ဦးကတော့ အကြမ်းဖက် လုပ် ရပ်တွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့စွဲချက်နဲ့ပါ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
ဗိုလ်မှူးကြီးနှစ်ဦးထဲက တစ်ဦးဟာ ရုရှားလုံခြုံရေးတပ်ဖွဲ့ (FSB) ထံက ဒရုန်းနှစ်စင်းနဲ့ ခဲယမ်းတွေ လက်ခံရရှိခဲ့ ပြီး ဖောက်ခွဲမှုတွေပြုလုပ်ဖို့အတွက် ၎င်းတို့နှစ်ဦးက အဲဒီပစ္စည်းတွေကို တခြားကြံရာပါတစ်ဦးထံ လွဲှဲပြောင်းပေး ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ပြောပါတယ်။
သမ္မတဇီလန်စကီးနဲ့ SBU အဖွဲ့အကြီးအကဲ ဗက်ဆီးလ်မာလီယပ်ခ်နဲ့ ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ ကီရီလိုဘူဒါနော့ဗ်အပါအဝင် တခြားယူကရိန်းထိပ်တန်းအရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တဲ့ အစီအ စဉ်ကို ဟန့်တားကာကွယ်နိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံတော်လုံခြုံရေးအဖွဲ့ (SBU) က ပြောပါတယ်။
“FSB ထောက်လှမ်းရေးအဖွဲ့ရဲ့ တာဝန်တွေထဲက တစ်ခုကတော့ နိုင်ငံတော်အကြီးအကဲအဆင့်ကို ဓားစာခံအ ဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်နိုင်တဲ့ သမ္မတလုံခြုံရေးအဖွဲ့နဲ့ နီးစပ်တဲ့ စစ်သားတွေကြားထဲက ပုဂ္ဂိုလ်တွေ ကို ရှာဖွေဖို့ဖြစ်ပါတယ်။” လို့ SBU က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲစတင်ကတည်းက သမ္မတဇီလန်စကီးဟာ လုပ်ကြံခံရမယ့်အရေးနဲ့ လေးငါးကြိမ် ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဇီလန်စကီးကို လုပ်ကြံဖို့ ကြံစည်တဲ့အမှုနဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ယူကရိန်းတောင်ပိုင်း မီကိုလိုင်ဗ်ဒေသက အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီအမျိုးသမီးဟာ ဇီလန်စကီးကို ရုရှားနိုင်ငံက လေကြောင်းကနေ တိုက်ခိုက်နိုင်ဖို့အတွက် ဇီလန်စကီး မီကို လိုင်ဗ်မြို့ကိုလာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေကို စုဆာင်းခဲ့တယ်လို့ စွပ်စွဲခံ ခဲ့ရပါတယ်။
အဲဒီအမျိုးသမီးဟာ ရရှိထားတဲ့ထောက်လှမ်းရေးသတင်းတွေကို ရုရှားတပ်တွေဆီ ပေးပို့နေတုန်းမှာ လက်ပူး လက်ကြပ်မိခဲ့တာဖြစ်ကြောင်း SBU က ပြောပါတယ်။
အခုနှစ် ဧပြီလအတွင်းကလည်း ဇီလန်စကီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တဲ့ ရုရှားတွေရဲ့အစီအစဉ်ကို ကူ ညီခဲ့တယ်ဆိုပြီး ပိုလန်လူမျိုးတစ်ဦး စွဲချက်တင်ခဲ့ပါတယ်။
Ref: Ukraine arrests two officials for treason over alleged Russian plot to kill Zelensky
#PeopleMedia