• Follow Us on
Latest News

Home ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြားလိုအပ်သည့် ပြည်နယ်နှင့် တိုင်းများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက်ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြားလိုအပ်သည့် ပြည်နယ်နှင့် တိုင်းများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက်ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မေ ၂၄

 

ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြား လိုအပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် လျှပ်စစ်ဓာတ်အားကို ယခုထက် ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံ ခန်းမ၌ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မိမိတို့နိုင်ငံရှိ အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါ အထူးစီးပွားရေးဇုန်မှာ အောင်မြင်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ခန့် ရှိ သည်ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းနေသေး၍ ရောက်ရှိသည့် အခြေအနေအပေါ် ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ရှိပြီး ရင်းနှီးမြှုပ်နှံမှု များကို မဆုံးရှုံးအောင်လည်း မိမိတို့ ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်အပေါ် အာဏာအလွဲသုံးမှု၊ တရားမဝင် ကုန်သွယ်မှု၊ ငွေကြေးအလွဲသုံးမှုနှင့် စီမံခန့်ခွဲမှု ချို့ယွင်းအားနည်းမှုတို့ မဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မျက်ခြေမပြတ် ကြပ်မတ် စီမံဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း ပြောသည်။

 

ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူး စီးပွားရေးဇုန်၊ လက်ရှိအောင်မြင်စွာဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ယခုထက်တိုး တက်အောင်မြင်အောင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ဗဟိုကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ အဓိကဆောင်ရွက်ရမည့် မြေလျော်ကြေးကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက် ရမည့် မူဝါဒရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို အမြန်ဆုံး ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဆက်လက်ဆောင်ရွက်ရမည့် အထူးစီးပွားရေးဇုန်များကို လည်း မလိုလားအပ် သည့် လုပ်ငန်းကြန့်ကြာမှု ၊ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ အခက်အခဲမရှိအောင်နှင့်  လုပ်ငန်းအဆင်ပြေချောမွေ့အောင် လုပ်ငန်းပိုင်း၊ နည်းဥပဒေနှင့် ဥပဒေ အရပါ သေချာနားလည်အောင် ရှင်း လင်းပြသပြီး စည်းရုံးဆောင်ရွက်သွား ကြရန်လိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်း များကို နိုင်ငံခြားမှ တင်သွင်းမှုများ ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ပေး နေသည်ကို တွေ့ရကြောင်း၊ အခက်အခဲသတ်မှတ်ချက်အနည်းဆုံးဖြစ်အောင် ဆက်လက်စီမံဆောင်ရွက်ပေး ကြရန်လိုကြောင်း ပြောသည်။

 

သီလဝါအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကိုယ်ပိုင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုနှင့်ပတ်သက်၍ အားပေးရမည် ဖြစ်ကြောင်း၊ ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပါက အခြား လိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက် ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဂျပန်၊ ထိုင်း၊ မြန်မာ စုပေါင်းဖွဲ့စည်းထားသည့် ငွေကြေး စုစည်းထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ SPV (Special Purpose Vehicle) နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက် သည်များကို ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူ ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ မကြာမီ ဆောင်ရွက်မည့် MOI (Memorandum  Of Interest) လက်မှတ်ရေးထိုးမည့် ကိစ္စတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အချက်များကို မိမိတို့နိုင်ငံရှိ ဥပဒေပညာရှင်များ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူများဖြင့် သေသေချာချာ စိစစ်၍ ပြဌာန်း ချက်များနှင့်အညီ နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post