ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်ပြီး၊ ရွှေနိုင်ငံ စာပေနှင့် ပိုစတာ ဖြန့်ချိရေးမှ ထုတ်ဝေသူအား ပုံနှိပ်ဥပဒေလိုက်နာရန်ပျက်ကွက်၍ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုပ်သိမ်း
PUBLISHED - November 14, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၄
ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်ပြီး ရွှေနိုင်ငံစာပေနှင့် ပိုစတာ ဖြန့်ချိရေးမှ ထုတ်ဝေသူအား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁ (ခ)နှင့် ပုဒ်မ ၁၈ တို့ကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရသဖြင့် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်း လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာထားသည်။
ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House- ၀၃၂၆၆) တို့မှ ပုံနှိပ်ထုတ်ဝေသောစာရေးသူ Mahuyar ရေးသားသည့် “1500 Miles to you” နှင့် “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစား နားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါ ရှိကြောင်း တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့် ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House-၀၃၂၆၆) တို့၏ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ဆက်လက်ပြီး ထုတ်ဝေသူ ဦးမောင်မောင်လှ (ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေး)သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နှင့် ပုဒ်မ ၁၈ တို့ကိုလိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရသဖြင့် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း၊ ယင်းထုတ်ဝေခြင်းလုပ်ငန်းသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ထုတ်ဝေဖြန့်ချိ ဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာထားသည်။
#PeopleMedia