ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်အား ခွင့်ပြုကြောင်း UEC ကြေညာ
PUBLISHED - August 27, 2024
နေပြည်တော်၊ ဩဂုတ် ၂၇
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့အား ပါတီတည်ထောင်ခွင့် လျှောက်ထားချက်အား ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွား မြှင့်တင်ရေးပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ပါတီတည်ထောင်ခွင့်ရရှိသော ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့ သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်ပြီး ယနေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၄ ပါတီဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ရက် အထိ လျှောက်ထားသည့် ပါတီ ၆၇ပါတီရှိကြောင်း၊ ယင်းပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ ၅၁ ပါတီရှိပြီး အဆိုပါပါတီများထဲမှ နိုင်ငံရေးပါတီ ၂ ပါတီကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ပေးခဲ့ရသည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီရှိကြောင်း၊ နိုင်ငံရေးပါတီ ၄၉ ပါတီအနက် တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၄၀ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် ပြောကြားထားသည်။
#PeopleMedia