ညောင်ဦးမြို့နယ်တွင် PDF မှ စက်သုံးဆီအရောင်းဆိုင်ရှိ အမျိုးသမီး ၂ ဦးအား သတ်ဖြတ်ပြီး ကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်
PUBLISHED - December 12, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာတွင် PDF အကြမ်းဖက်သမားများမှ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်ရှိ အမျိုးသမီး ၂ ဦးအား သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၇၀၀ အား လုယက် ယူဆောင်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်) ကျေးရွာ၊ ပုဂံ-ချောက်ကား လမ်းဘေးရှိ မေရီမြင့်စက်သုံးဆီအရောင်းဆိုင်၌ အဆိုပါကျေးရွာနေ ဆိုင်ရှင်ဖြစ်သူ ဦးမောင်လတ် (၆၅)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ရီရီမြင့်(၆၁)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်ချောစု(၄၅)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခုနစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဦးမောင်လတ်အား ဆိုင်နောက်တွင် ကြိုးတုပ်ထားပြီးနောက် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် သိန်း ၇၀၀ ခန့်အား လုယက် ယူဆောင်သွားခဲ့သဖြင့် အကြမ်းဖက် သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia