ညောင်ဦးမြို့နယ် ပခုက္ကူတံတားအနီးတွင် အိုးဝေသမားကို သတ်ဖြတ်ပြီး အိုးဝေလုယူသည့် တရားခံကို အိုးဝေသော့ ဖွင့်နေစဉ် ဖမ်းဆီးရမိ

PUBLISHED - July 30, 2024
နေပြည်တော်၊ ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကျေးရွာတွင် အိုးဝေသမား ကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ကာ အလောင်းဖျောက်ပြီး အိုးဝေလုယူနေသည့် တရားခံကို အိုးဝေမောင်းနှင်ရန် သော့ဖွင့်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၂၉)ရက် နံနက် (၉)နာရီခွဲခန့်က တောင်ဖက်တန်းကျေးရွာတွင် အိုးဝေငှားလာသည့် ခရီးသွားတစ်ဦး မှ အိုးဝေမောင်းသူအား ဓားဖြင့် (၄)ချက် ထိုးခုတ်သတ်ဖြတ်ခဲ့ပြီး အနီးရှိ ရေကန်ထဲတွင် အလောင်းကို ပစ်ချခဲ့ ကာ အိုးဝေတစ်စီးအပြင် ဖုန်းတစ်လုံးနှင့် ပိုက်ဆံ (၃၉၀၀၀)ကျပ်အား ယူဆောင်ထွက်ပြေးရန် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးရန်အတွက် အိုးဝေသော့အား ဖွင့်ရာတွင် ဖွင့်မရဘဲဖြစ်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ အဆိုပါ တရားခံအား ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလောင်းအား ဆယ်ယူပေးပြီးနောက် တရားခံအား လက်ထိပ်ခတ်ဖမ်းဆီးကာ အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။
#PeopleMedia