ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ကင်ညာနိုင်ငံသားတစ်ဦး မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာ

PUBLISHED - February 10, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀
ကျားဖြန့်ဂိုဏ်း (အွန်လိုင်းငွေလိမ်ဂိုဏ်း) မှာ ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ကင်ညာနိုင်ငံသားတစ်ဦးဟာ အကူအညီ တောင်းခံဖို့အတွက် မြန်မာနိုင်ငံထဲကနေ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
၎င်းတို့အဖွဲ့မှာ လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိပြီး တရုတ်လူမျိုးတစ်ဦး ဦးစီးလုပ်ကိုင်နေတဲ့ ကျားဖြန့်ဂိုဏ်းအတွက် အလုပ် မလုပ်ရင် ညှင်းပန်းနှိပ်စက်ခံရတယ်လို့ ဆိုပါတယ်။
အသက် ၃၀ အရွယ်ရှိ အဆိုပါ ကင်ညာအမျိုးသားဟာ တာ့ခ်ပြည်နယ်၊ ဖုတ်ဖရာခရိုင်မှာရှိတဲ့ ဈေးဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီ ၉ ရက်နေ့ (တနင်္ဂနွေနေ့) က ထော့နဲ့ထောနဲ့ လမ်းလျှောက်လာပြီး ၎င်းကို ရဲတပ်ဖွဲ့ထံ ပို့ဆောင်ပေးဖို့ ဆိုင် ပိုင်ရှင်ထံ အကူအညီတောင်းခံခဲ့ပါတယ်။
အဆိုပါအမျိုးသားရဲ့ ခန္ဓာကိုယ်မှာလည်း ဒါဏ်ရာတွေ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ အမည်ရင်းကို မပြောတဲ့ အဆိုပါအမျိုးသားက ၎င်းအနေနဲ့ ကျားဖြန့်လုပ်ငန်းတွရှိတဲ့ မြဝတီမြို့ကနေ ထွက်ပြေးလာတာ ဖြစ်ပြီး တောင်တန်းတစ်ခုကို ငါးနာရီကျော်ဖြတ်ကျော်ခဲ့ရပြီးနောက် ထိုင်းနယ်စပ်ရောက်တဲ့အထိ ၁၀ ကီလိုမီတာကျော် လမ်းလျှောက်ခဲ့ရတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်လို့ ကင်ညာအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတစ်ခုက စည်းရုံးခဲ့တဲ့ အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ရောက်တဲ့အချိန်မှာ အေးဂျင့်တစ်ယောက်က ၎င်းနဲ့ နောက်ထပ် ကင်ညာနိုင်ငံသားနှစ်ဦးကို လာ ရောက်ကြိုဆိုပြီး တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
မဲဆောက်ကနေ ထိုင်း-မြန်မာ နယ်စပ်ကိုဖြတ်ပြီး ၎င်းတို့ကို အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ အဓမ္မပြုလုပ်ခိုင်းနေတဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုရှိရာကို ခေါ်ဆောင်သွားကြတာဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ်တဲ့အလုပ်ကို လုပ်ကိုင်ဖို့ ငြင်းဆိုတဲ့အချိန်မှာ ၎င်းကို လျှပ်စစ်တုတ်နဲ့ ရိုက်နှက်ခြင်း၊ ဘေ့စ်ဘောတုတ်နဲ့ ရိုက်နှက်ခြင်း၊ အမွှေးချွတ်ပျားဖယောင်းကပ်ခွာနဲ့ ကပ်ခြင်း စတဲ့နည်းလမ်းတွေသုံးပြီး နှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။
တနင်္ဂနွေနေ့မှာတော့ ၎င်းရဲ့ဒဏ်ရာရထားတဲ့ခြေထောက်က ယောင်ကိုင်းလာတဲ့အတွက် ကျားဖြန့်ဂိုဏ်းကနေ ဖိနပ်မပါ ခြေဗလာနဲ့ ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။
၎င်းအလုပ်လုပ်ခဲ့ရတဲ့ ကျားဖြန့်ဂိုဏ်းထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုပီးယား၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင် ငံသားတွေအပါအဝင် လူဦးရေ ၁၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ၎င်းက ပြောပါတယ်။
တရုတ်တွေ ချုပ်ကိုင်ထားတဲ့ အဲဒီကျားဖြန့်ဂိုဏ်းထဲမှာ ၎င်းအပါအဝင် ကင်ညာနိုင်ငံသား ၂၃ ဦး ရောက်ရှိနေတယ်လို့ အဆိုပါ ကင်ညာလူမျိုးက ပြောပါတယ်။
Ref: Tortured Kenyan flees Myanmar call scam gang into Thailand
#PeopleMedia