တက္ကဆက်နဲ့ ကယ်လီဖိုးနီယားပြည်နယ် နယ်စပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၁၅၀၀ ထပ်မံရောက်ရှိမည်

PUBLISHED - January 24, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
အမေရိကန်စစ်သား ၁၅၀၀ ဝန်းကျင်ဟာ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုနဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂို မြို့တွေကို ဇန်နဝါရီ ၂၃ ရက်နေ့ (ကြာသပတေးနေ့) ညနေပိုင်းမှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
အမေရိကန်တောင်ပိုင်းပြည်နယ်တွေက နယ်စပ်ဒေသတွေလုံခြုံရေးအတွက် အခုလို ပထမဦးဆုံးအသုတ် စစ်တပ်ကို စေလွှတ်လိုက်တာဖြစ် တယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သွားဖို့အတွက် ညွှန် ကြားချက်တစ်ရပ်ထုတ်ပြန်လိုက်ပြီးနောက်မှာ အခုသီတင်းပတ်အတွင်း တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ ဝန်းကျင် တောင်ပိုင်း နယ်စပ်ကို စေလွှတ်သွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
ကာကွယ်ရေးနဲ့ ပြည်ထဲရေး ခေါင်းဆောင်တွေက နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမှာဖြစ်ကြောင်း ပြော ကြားထားတဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထပ်မံရောက်ရှိလာမယ်လို့ မျှော်လင့်ထား ကြောင်း အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားဘယ်လောက်ထပ်မံရောက်ရှိလာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေ မဲ့ အဲဒီအုပ်စုထဲမှာ တပ်မတော်သားတွေ၊ အမျိုးသားအစောင့်တပ်ဖွဲ့တွေ၊ အရန်တပ်ဖွဲ့ဝင်တွေပါဝင်မှာဖြစ်ပြီး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ခွဲအားလုံးက ပါဝင်မှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ထပ်မံစေလွှတ်မယ့်လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားဟာ ထောင်ပေါင်းများစွာရှိနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်း ရင်းမြစ်တွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ တပ်ဖွဲ့ဝင်တွေထဲမှာတော့ တပ်စခန်းပေါင်းစုံက ကြည်းတပ် တပ်ဖွဲ့ဝင် အင်အား ၁၀၀၀ နဲ့ ကယ်လီဖိုးနီယားပြည်နယ်၊ ပန်ဒယ်လ်တန်စခန်းက မရိန်းတပ်ဖွဲ့ဝင် အင်အား ၅၀၀ ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါ တောင်ပိုင်းနယ်စပ်မှာ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ အရန်တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ဝန်းကျင် ရောက်ရှိပြီး သားဖြစ်ပြီး အခုထပ်မံစေလွှတ်တဲ့ အင်အား ၁၅၀၀ က အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ပူးပေါင်းကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိုင် ၂၀၀၀ ဝန်းကျင်ရှည်လျားတဲ့ မက္ကဆီကိုနယ်စပ်တစ်လျှောက်အတွက် နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထပ်မံလိုအပ်မှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Ref: US troops arriving in Texas, California to support border security
#PeopleMedia