• Follow Us on

Home တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့်စစ်သည်များ ပါဝင်သော ထူးချွန်လူငယ်မောင်မယ် ၂၄ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့်စစ်သည်များ ပါဝင်သော ထူးချွန်လူငယ်မောင်မယ် ၂၄ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ် ၂၄ ဦးသည် လေ့လာရေးခရီးစဉ် အဖြစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

 

အဆိုပါလေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးသူရိန်ထွန်း ဦးဆောင်၍ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးသုံး ဘာသာဖြင့် အောင်မြင်သောစစ်သည်တစ်ဦး၊ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သောစစ်သည်နှစ်ဦးနှင့် ကျောင်းအုပ်ကြီး/ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၅ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးတို့ပါဝင်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်ထိ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်သည်။

 

“အဆင့်မြင့်သင်တန်းတွေ၊ တက္ကသိုလ်တွေတက်ပြီး နိုင်ငံတော်နဲ့တပ်မတော်အပေါ် အလုပ်အကျွေးပြုနိုင်တဲ့ နိုင်ငံ့သားကောင်းဖြစ်အောင် ကြိုးစားသွားပါမယ်။ အခုလိုပြည်ပခရီးကို ကျွန်တော်တို့တပ်မတော်သားတွေ အနေနဲ့ သွားရောက်ဖို့မလွယ်ကူပါဘူး။ လေ့လာရေးခရီး စီစဉ်ပို့ဆောင်ပေးတဲ့ တပ်မတော်အကြီးအကဲကို အထူးကျေးဇူးတင်ရှိပါတယ်။” ဟု သုံးဘာသာဂုဏ်ထူးရှင် ဒုတပ်ကြပ် သက်ပိုင်လင်းက ပြောသည်။

 

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော် သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့သော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား ချိန်များ၌ ရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှသာ လေ့လာ‌ရေးခရီး ပြန်လည်စေလွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

#PeopleMedia


Share this post