• Follow Us on

Home တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်အကျဉ်းထောင်နှင့် မန္တလေးအကျဉ်းထောင်တို့မှ အကျဉ်းသား ၂၃ ဦး အောင်မြင်

တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်အကျဉ်းထောင်နှင့် မန္တလေးအကျဉ်းထောင်တို့မှ အကျဉ်းသား ၂၃ ဦး အောင်မြင်

Share this post

နေပြည်တော်၊ ဇွန် ၁၃

 

၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၇ ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး၊ စုစုပေါင်းအကျဉ်းသား ၂၃ ဦး အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သိရသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ လူငယ်သင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ပညာသင် ယူခွင့် အခွင့်အရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်တန်း ပညာရေးဆက်လက်သင်ယူလိုသည့် အကျဉ်းသား/ အကျဉ်းသူများ ရှိပါက သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပြုခဲ့သည်။

 

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အကျဉ်းဦးစီးဌာန အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၇ ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး၊ စုစုပေါင်းအကျဉ်းသား ၂၃ ဦးအောင်မြင်ခဲ့ပါသည်။

 

အောင်မြင်သူများတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၃ ဦး ပါဝင်ပါသည်။

 

၄ ဘာသာဂုဏ်ထူးရှင်သည် ဝိဇ္ဇာဘာသာတွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

 

လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းနှင့် လူငယ်သင်တန်းကျောင်းများမှ လူငယ်သင်တန်းသား ၈ ဦး၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ သင်တန်းသား ၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ အကျဉ်းသား/ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်း များရှိ ကလေးသူငယ်များ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုအပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား/ အကျဉ်းသူ များ၏ ပညာသင်ယူခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post