တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်းကမ်းစနစ်တကျနှင့် သာယာလှပသည့်ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ် လာစေရေး ပြင်ဦးလွင်မြို့ကို စံပြဖြစ်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား
PUBLISHED - December 9, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၉
တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်းကမ်းစနစ်တကျနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ် လာစေရေး ပြင်ဦးလွင်မြို့ကို စံပြဖြစ်အောင်ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ် ဆေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် ဒေသပန်းမျိုးများကို ထိန်းသိမ်းမှုမရှိသဖြင့် အချို့ ပန်းမျိုးများ မျိုးသုဉ်းသွားခြင်းများရှိကြောင်း၊ ပြင်ဦးလွင်ဒေသမှ ပန်းမျိုးများကို ရာသီဥတုတူညီမှုရှိသည့် ဒေသ များ၌လည်း စမ်းသပ်စိုက်ပျိုးသွားရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ(Land Mark)တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ်လည် ပတ်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း ပြောသည်။
ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ပြီး ဒေသသို့ လာရောက်ကြသူများအနေဖြင့် မြို့၏သာယာလှပမှု၊ စည်း ကမ်းစနစ်တကျရှိမှု၊ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင် ကောင်းကို ဖော်ဆောင်ထားနိုင်မှုများကို အတုယူအား ကျသွားစေသည်အထိဖြစ် အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့ သာယာလှပမှု၊ စည်း ကမ်းစနစ်တကျ ဖြစ်မှုတို့ကို အားကျအတုယူ၍ မန္တလေးတိုင်း ဒေသကြီးအတွင်းမှ မြို့၊ ရွာများ၊ ၎င်းမှ တစ် နိုင်ငံလုံးအတိုင်းအတာအထိ စည်းကမ်း စနစ်တကျနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ် လာစေရေး ပြင်ဦးလွင်မြို့ကို စံပြဖြစ်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စနစ်ကျနသည့် စီမံခန့်ခွဲမှုနှင့် ဒေသတွင်း နေထိုင်ကြသူများ၏ စည်းကမ်းစနစ်တကျရှိမှုတို့ဖြင့် ပတ်ဝန်းကျင်ကောင်းကို မိမိတို့ဒေသနှင့် အနာဂတ်အတွက် ပုံဖော်တည်ဆောက်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မှာကြားခဲ့သည်။
#PeopleMedia