• Follow Us on
Latest News

Home တစ်နိုင်ငံ၏ အကျိုးစီးပွားကို တစ်နိုင်ငံမှကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား

တစ်နိုင်ငံ၏ အကျိုးစီးပွားကို တစ်နိုင်ငံမှကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

တစ်နိုင်ငံ၏အကျိုးစီးပွားကို တစ်နိုင်ငံမှ ကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောသည်။

 

မြန်မာသံရုံး၊ ပေကျင်းမြို့မှ မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့တွင် ပေကျင်းမြို့၊ Empark Prime Hotel Beijing တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတို့ တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ပြီး တိုင်းရင်းသားအားလုံး၏ တစ်သွေးတစ်သားတည်း တစ်အူတုံဆင်း ပြည်ထောင်စုစိတ်ဓာတ်တို့ကြောင့် လွတ်လပ်သော မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရင်းခံဖြစ်သကဲ့သို့ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်ကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့် စည်းကမ်းပြည့်ဝပြီး စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို အုတ်မြစ်ချခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ရည်မှန်းချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဖော်ဆောင် လျက်ရှိကြောင်း ပြောသည်။

 

မိမိတို့ မိတ်ဆွေများအနေဖြင့် မြန်မာနိုင်ငံအပေါ် ထောက်ခံမှုနှင့် နားလည်မှုများ ဆက်လက်ပေးအပ်သွားမည်ဟု ယုံကြည်ကြောင်း၊ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို ပိုမိုခိုင်မာစေရန်နှင့် တစ်နိုင်ငံ၏အကျိုး စီးပွားကို တစ်နိုင်ငံမှ ကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအပေါ် အပြုသဘောဆောင် ထောက်ခံကူညီပေးပါသော အာဆီယံနိုင်ငံ များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘာ့အရေးနှင့်ပတ်သက်ပြီး ပထဝီနိုင်ငံရေး စိန်ခေါ်မှုများအကြား၌ အရေးပါဆုံး ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သော အာဆီယံ၏ အချက်အခြာကျမှုကို ထောက်ခံအား ပေးရင်း မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလများတွင်လည်း အာဆီယံစိတ်ဓာတ်ဖြင့် အဖွဲ့အစည်း၏ အကျိုးစီးပွားကို မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ချိန်ညှိပြီး တက်ကြွစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောသည်။

 

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးMr. Sun Weidong မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ အစိုးရဝန်ကြီးဌာနများနှင့် နိုင်ငံပိုင်ကုမ္ပဏီများမှ အကြီးအကဲများနှင့် တာဝန်ရှိ သူများ၊ ပေကျင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ အာဆီယံ-တရုတ် စင်တာ၏ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်း ရေးမှူးချုပ် ဆရာတော်ချန်းကျန့်၊ တရုတ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံရှိ အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ (၂၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

 

#PeopleMedia


Share this post