တစ်နှစ်ကျော်အချိန်ဆွဲပြီးနောက် ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားမှုကို တူရကီထောက်ခံ
PUBLISHED - January 25, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅
အနောက်နိုင်ငံတွေကို တစ်နှစ်ကျော်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေအောင် ကြန့်ကြာစေခဲ့ပြီးနောက် ဆွီဒင် နိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားတာကို တူရကီလွှတ်တော်က အင်္ဂါနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) က အတည်ပြုထောက်ခံလိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်သမ္မတရွေးကောက်ပွဲမှာ သမ္မတရီဆက်တေယစ်အာဒိုဂန်ပြန်လည်ရွေးကောက်တင်မြှောက်ခံရပြီး နောက် နေတိုးအဖွဲ့ရဲ့ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားလာတဲ့ ဆွီဒင်နိုင်ငံကို တူရကီလွှတ် တော်ထဲမှာ ထောက်ခံမဲ ၂၈၇ မဲ- ကန့်ကွက်မဲ ၅၅ မဲနဲ့ လွှတ်တော်အမတ်တွေက ထောက်ခံခဲ့ပါတယ်။
“ဒီကနေ့အချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပိုမိုနီးကပ်တဲ့အဆင့်ကို ရောက်ရှိလာပြီဖြစ်ပါ တယ်။” လို့ ဆွီဒင်ဝန်ကြီးချုပ်အွန်ခရစ္စတာဆန်းက လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။
နေတိုးအဖွဲ့အတွင်းရေးမှူးဂျန်းဆော့တန်းဘာ့ဂျ်က တူရကီနိုင်ငံရဲ့ဆောင်ရွက်ချက်ကို ကြိုဆိုလိုက်ပြီးနောက် ဟန်ဂေရီနိုင်ငံကိုလည်း အလားတူထောက်ခံမှုပြီးဆုံးအောင်ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း တူရကီလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ချီးကျူးကြိုဆိုလိုက်ပြီးနောက် နေတိုး အဖွဲ့ထဲကို အခုလို ဆွီဒင်နိုင်ငံထပ်မံဝင်ရောက်လာခြင်းဟာ မဟာမိတ်အဖွဲ့ကြီးအတွက် ဘေးကင်းလုံခြုံသလို ပိုမိုအင်အားတောင့်တင်းလာမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ပြောပါတယ်။
လွန်ခဲ့တဲနှစ်နှစ်ဝန်းကျင် ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဆွီဒင် နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားခဲ့ရာမှာ တူရကီနိုင်ငံက အခုလို ထောက်ခံခွင့်ပြုလိုက် တာဖြစ်ပြီး ဟန်ဂေရီနိုင်ငံက ထောက်ခံဖို့ ကျန်ရှိနေပါသေးတယ်။
ဖင်လန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက နေတိုးအဖွဲ့ဝင်ဖြစ်လာပေမဲ့ ဆွီဒင်နိုင်ငံကို တူရကီနဲ့ ဟန်ဂေရီက မထောက်ခံသေးတာကြောင့် အခုလို ကြန့်ကြာနေတာဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုနဲ့ အနောက်အုပ်စုကြားက စစ်အေးတိုက်ပွဲကာလမှာ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ဟာ စစ် ရေးအရ ဘက်မလိုက်မူဝါဒကိုကျင့်သုံးခဲ့ကြပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပွားလာတဲ့ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့အင်အားအကြီးဆုံး မဟာမိတ်အဖွဲ့ကြီးရဲ့ နျူကလီးယားအကာအကွယ်အောက်ကို ဝင်ရောက်ဖို့ ဆွီဒင်နဲ့ ဖင်လန် နှစ်နိုင်ငံက အခုလို ကြိုးပမ်းခဲ့တာဖြစ် ပါတယ်။
နှစ်နိုင်ငံကြားဆက်ဆံရေးအေးစက်နေပေမဲ့ နေတိုးအဖွဲ့ဝင်လျှောက်ထားမှုကိစ္စဆွေးနွေးဖို့အတွက် ဘူဒါပက်စ်ကို လာရောက်လည်ပတ်ဖို့ ဆွီဒင်ဝန်ကြီးချုပ်ကို ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အင်္ဂါနေ့က ဖိတ်ကြားခဲ့ပါ တယ်။
ယူကရိန်းစစ်ပွဲတစ်လျှောက်လုံး ဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်နဲ့ တူရကီသမ္မတအာဒိုဂန်တို့ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆက်ဆံရေးမပျက်အောင် ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။
နေတိုးအဖွဲ့ခေါင်းဆောင်တွေကတော့ စိတ်အပြောင်းအလဲမြန်တဲ့ အဲဒီခေါင်းဆောင်နှစ်ဦးကို အနောက်အုပ်စုကို ဖြိုခွင်းရေး ကြိုးပမ်းဖို့အတွက် ရုရှားအစိုးရက အသုံးချသွားမှာကို စိုးရိမ်ပူပန်နေပါတယ်။
Ref: Turkey Ratifies Sweden’s NATO Membership after Protracted Delay
#PeopleMedia