တစ်နှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု ၆ ဆခန့် တိုးတက်လာ
PUBLISHED - September 28, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၈
တစ်နှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု ၆ ဆခန့် တိုးတက်လာကြောင်း ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂) ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီး သွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများနှင့် စီးဝင် စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေ နိုင်သည့် မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry) တစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ခရီးသွားလုပ်ငန်းကို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပါသည့် လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထား ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိခြင်းသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နဲ့ နယ်စပ်စသည့် နိုင်ငံတကာဝင်ပေါက်အသီးသီးမှ နိုင်ငံတကာ ခရီးသွား စုစုပေါင်း ၂ သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ခဲ့ သည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ အလားတူကာလနှင့် နှိုင်း ယှဉ်ကြည့်မည် ဆိုပါက ယခင်နှစ်က တစ်သိန်းကျော်သာဝင်ရောက်ခဲ့သည့်အတွက် ၆ ဆခန့် တိုးတက်လာခဲ့ သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွား လုပ်ငန်းကိုလည်း အလေးထားဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာ လုပ်ငန်းစီမံ ချက်များ ရေးဆွဲ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီး သည်ရောက်ရှိမှု ပိုမိုတိုးတက်များပြား လာမည်ဖြစ်သည့်အပြင် မကြာတော့သည့် ကာလတစ်ခု၌ ခရီးသွားလုပ် ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟုယုံကြည်ကြောင်းဖြင့် ပြော ကြားသည်။
#PeopleMedia