တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာအနီး တနိုင်းချောင်းတွင် ပျောက်ဆုံးနေသည့် ကလေး (၄) ဦးအနက် (၃) ဦးကို သေဆုံးလျှက် ပြန်တွေ့

PUBLISHED - December 9, 2021
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၉ (People Media)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာအနီး တနိုင်းချောင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့က ကလေး(၄)ဦး ပျောက်ဆုံးခဲ့ရာ (၃) ဦးကို ရေနစ်သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေး (၄) ဦးမှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ပိုင်းတွင် ကလေးငယ် (၃) ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိကာ ကျန်တစ်ဦးမှာ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှသာ အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ကလေးငယ်တွေက ချောင်းဘက်ကိုသွားရင်းနဲ့ (၆) ရက်နေ့က ပျောက်ဆုံးခဲ့တာ မိဘတွေက လိုက်ရှာတော့ ရွာရဲ့ အောက်ဘက်နားမှာ ကလေး (၃) ဦးကို သေဆုံးလျက်ပြန်တွေ့ခဲ့တာဖြစ်တယ်၊ ကျန်တဲ့တစ်ယောက်ကို ဆက်ပြီးရှာကြတယ်။ ၇ ရက်နေ့ ညနေပိုင်းလောက်မှ ပျောက်သွားတဲ့နေရာရဲ့ အောက်ဘက်က ချောင်းဘေးမှာ ငိုနေတဲ့တစ်ယောက်ကို အသက်ရှင်လျက်နဲ့ ပြန်တွေ့ခဲ့တာဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ကလေးငယ်များမှာ တနိုင်း (RC) စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများဖြစ်ပြီး စားဝတ်နေရေးအခက် အခဲကြောင့် ၎င်းတို့ ပိုင်ဆိုင်ရာ အောင်လော့ဒ်ကျေးရွာရှိ ယာခင်းတွင် သွားရောက်လုပ်ကိုင်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တနိုင်း(RC) စစ်ဘေးရှောင်စခန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ (RC) စစ်ဘေးရှောင်ကန့်က ဟုတ်တယ်၊ သူတို့က ဒီကိုဗစ်ကာလမှာ ကျနော်တို့အနေနဲ့ စား ဝတ်နေရေးခတ်ခဲ့တယ်၊ အောင်လော့ဒ်ဘက်မှာလဲ လူသွားလူလာတွေ လုပ်နေကြတော့ သူတို့လဲ စားဝတ်နေ ရေးအတွက်ယာ သွားလုပ်ကြတာဟုတ်တယ်၊ အဲ့လိုသွားရောက်လုပ်ကိုင်ရင်းနဲ့ အခုလို ကလေး (၄) ယောက် ပျောက်ဆုံးပြီး (၃) ဦးသေဆုံးခဲ့ရတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ရေနစ်သေဆုံးခဲ့သည့်ကလေးငယ်များမှာ အသက် (၅) နှစ် အောက်အရွယ်ရှိ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
Photo – credit
ဗညားနွဲ့(EPN)
#PeopleMedia #EPN #တနိုင်း
(unicode)
…………………………………………………………
Photo – credit