တနိုင်းမြို့တွင် မေလအတွင်း၌ လူငယ်နှစ်ဆယ်နီးပါးအထိ KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

PUBLISHED - June 3, 2024
မြစ်ကြီးနား၊ ဇွန် ၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လမုန်ကျေးရွာနှင့် လဂျားဘွန်ကျေးရွာတွင် မေလအတွင်း လူငယ်နှစ် ဆယ်နီးပါးအထိ KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနိုင်းမြို့နယ်များရှိ ဒေသခံပြည်သူများမှာ လယ်ယာလုပ်ငန်းများလုပ်ကိုင်နေကြမည့်အချိန်ဖြစ်သည့်အတွက် မိသားစုအတွင်း အလုပ်ကူရန် မိမိလုပ်ငန်းခွင်များမှ နေအိမ်သို့ ခဏပြန်လည်ရောက်ရှိလာသည့် လူငယ်များ အား KIA အဖွဲ့မှ နေအိမ်အထိ လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း လမုန်ကျေးရွာနေ ပြည်သူတစ်ဦးထံမှ သိရသည်။
“KIAအဖွဲ့တွေကပြီးခဲ့တဲ့ မေလအတွင်းမှာ လူငယ်တွေ ၂၀ နီးပါးကိုဖမ်းသွားကြတယ်။ ဖြစ်ချင်တော့ ဟိုလပိုင်း မှာဆို လယ်လုပ်တဲ့အချိန်ဆိုတော့ မိဘတွေကနေပြီး သူတို့သားသမီးတွေကို ပြန်ခေါ်တာတွေရှိတယ် အလုပ် လုပ်မဲ့သူမရှိတော့ သားသမီးတွေကလည်း ပြန်လာကြတာ၊ အဲ့လိုပြန်လာကြတော့ KIA အတွက်က ဖမ်းဖို့ ပိုကောင်းသွားတယ်လေ၊ အမျိုးတစ်ယောက်လည်းပါသွားတယ်၊ အိမ်ကိုခဏလာရင်းကနေ ဖမ်းခံရတယ်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ဖမ်းဆီးမှုကြောင့် မိသားစုအတွင်းအလုပ်ကူမည့် လူငယ်လူလတ်ပိုင်းများမှာ ထွက်ပြေးတိမ်းရှောင် နေရကြသည့်အတွက် မိသားစုအတွင်း လယ်ယာလုပ်ငန်းများလုပ်ကိုင်မည့်သူမရှိပဲ အခက်အခဲများကြုံတွေ့ နေရကြောင်း သိရသည်။
အလားတူ တနိုင်း-ရှင်ဗေယန်သွားလမ်းပိုင်းရှိ လဂျားဘွန် ကျေးရွာတွင်လည်း KIA အဖွဲ့မှ ဂိတ်ထိုင်စောင့်ကာ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ရပ်ကွက်နေအိမ်များရှိ၊ လူငယ်များ၊ ကလေးအဖေများအား ဖမ်းဆီး ခေါ်ဆောင်မှုများကို ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
အလင်း
#PeopleMedia