တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကိုထိန်းသိမ်းရာတွင်စနစ်တကျနှင့် ရေရှည်တည်တံ့အောင်ထိန်း သိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေးအမြဲမပြတ်စစ်ဆေးဆောင်ရွက်နေ ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

PUBLISHED - May 27, 2024
နေပြည်တော်၊ မေ ၂၇
တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့်ရေရှည်တည်တံ့အောင် ထိန်း သိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ်သည့်ပြုပြင် ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီးဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စေတီတော်ကြီးရင်ပြင်တော်တွင်ခင်းကျင်းထားသည့် ကျောက်ပြားများ၏ အချို့ နေရာများသည် မိုးရွာသွန်းပြီးနောက် ရေတင်ကျန်မှုများဖြစ်ပေါ်နိုင်သဖြင့် လိုအပ် သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန်လိုကြောင်း၊ စေတီတော်မြတ်ကြီးရှိ ငါးရာ့ငါးဆယ် ဇာတ်တော် စဉ့်ကွင်းများ၊ ကျောက်သပိတ်တော်ကြီးများ၊ သုဓမ္မာဇရပ်များရှိ မြန်မာ့ ဗိသုကာပညာရပ်အမွေအနှစ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ မူလလက်ရာ မပြတ်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ထားရှိရန်လို ကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့်ရေရှည် တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ် သည့်ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထီးလိုမင်းလို ဘုရားကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ဘုရားကြီးအတွင်း၊ အပြင်တို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ထိန်းသိမ်းထားရှိမှုများနှင့် ဘုရားကြီးအတွင်းပရိဝုဏ်အတွင်း သဲကျောက်ပြားလျှောက်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး များသည် ရှေးဟောင်း သမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေ အနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ရန်လိုကြောင်း ပြော ကြားသည်။
၂၀၂၃ ခုနှစ်မေလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာ ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်း အုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့် အညီ ရှေးဟောင်း လက်ရာမပြတ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
#PeopleMedia