တန်ဖိုးသင့်အိမ်ရာတစ်သန်းတည်ဆောက်ဖို့ ကာတာနိုင်ငံနဲ့ အင်ဒိုနီးရှားလက်မှတ်ရေးထိုး
PUBLISHED - January 9, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၉
သမ္မတပရာဘိုဝိုဆူဘီယန်တိုရဲ့ အိုးအိမ်သုံးသန်းပါဝင်တဲ့ အိမ်ရာစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် တန်ဖိုးသင့်အိမ် ရာ တစ်သန်း ဆောက်လုပ်ရေးအတွက် အင်ဒိုနီးရှားအစိုးရဟာ ကာတာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်စောင် လက်မှတ်ရေးထိုးလိုက်ပါတယ်။
သမ္မတပရာဘိုဝိုတက်ရောက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၈ ရက်နေ့) က သမ္မတနန်းတော်မှာကျင်းပခဲ့တဲ့ အခမ်းအနားမှာ အိမ်ရာဝန်ကြီးဌာနဝန်ကြီး မာရူယာရာဆီရိတ်နဲ့ Qilaa International Group ရဲ့ ဥက္ကဋ္ဌ ရှိတ်အဗ္ဗဒူလာဇစ်အဗ္ဗဒူလာမန် တို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
“မြို့ကြီးတွေမှာနေထိုင်ကြတဲ့ အခြေခံအလယ်အလတ်တန်းစား ပြည်သူတွေအတွက် ဦးစားပေးဆောင်ရွက်သွား မှာဖြစ်ပါတယ်။” လို့ ဝန်ကြီး ဆီရိတ်က ပြောပါတယ်။
ကာတာနိုင်ငံက ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းက ကန်ထရိုက်တာအဖြစ် စီမံချက်လုပ်ငန်းတစ်ခုလုံးကို ဆောင်ရွက်သွားမှာဖြစ်ပြီး ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့မြေနေရာကို အင်ဒိုနီးရှားအစိုးရက ထောက်ပံ့သွားမှာဖြစ်ကြောင်း ဝန်ကြီး ဆီရိတ်က ပြောပါတယ်။
တန်ဖိုးသင့်အိမ်ရာ တစ်သန်းတည်ဆောက်ရေးအတွက် ကာတာနိုင်ငံက ဆောင်ရွက်သွားမှာဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း အိမ်ရာနဲ့ အခြေချနေထိုင် ရေးနယ်မြေများ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖာရီဟာဇက်က ပြောပါတယ်။
“ကာတာနိုင်ငံက ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ တော်ဝင်မိသားစုထဲက ကိုယ်စားလှယ်တစ်ဦးကို ကာတာအစိုးရက စေ လွှတ်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
မြေနေရာရွေးချယ်ရေး၊ ခွင့်ပြုချက်တွေရရှိရေးတို့လို နည်းပညာဆိုင်ရာကိစ္စတွေဆွေးနွေးဖို့အတွက် နောက်ဆက်တွဲ အစည်းအဝေးတစ်ရပ် ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ လူတိုင်းကို ကြိုဆိုနေပါတယ်။ ဒီကိစ္စမှာတော့ ကာတာအစိုးရက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေချောမွေ့အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။
စီမံချက်ကို အစိုးရပိုင်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ အိမ်ရာစီမံကိန်းတည်ဆောက်မယ့်နေရာဟာ သမ္မတပရာဘိုဝို ဦးစားပေးရွေးချယ်ထားတဲ့ မြို့ပြဒေသနယ်မြေတွေနဲ့အညီ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတွေက ဒီဇိုင်းရေးဆွဲထားတဲ့ မြေနေရာပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။
အိမ်ရာသုံးသန်းစီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွှေက စတင်စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြား လာခဲ့ကြတယ် လို့ အိမ်ရာဝန်ကြီးဌာနဝန်ကြီး မာရူယာရာဆီရိတ်က ပြောပါတယ်။
Ref: Indonesia Signs Deal with Qatar to Build One Million Affordable Homes
#PeopleMedia