• Follow Us on
Latest News

Home တပ်ကုန်းမြို့နယ်၌ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတွင်ကုသမှုခံနေရသည့်လူနာများ ရောဂါသက်သာ ကောင်းမွန်လျက်ရှိပြီး လူနာတချို့ဆေးရုံဆင်း

တပ်ကုန်းမြို့နယ်၌ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတွင်ကုသမှုခံနေရသည့်လူနာများ ရောဂါသက်သာ ကောင်းမွန်လျက်ရှိပြီး လူနာတချို့ဆေးရုံဆင်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာ၌ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတွင် ဆေးကုသမှုခံနေရသည့် လူနာများ ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး လူနာတချို့ ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

 

တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ကျေးရွာသူ၊ ကျေးရွာသား၊ ကလေး/လူကြီးအချို့ အစာအဆိပ်သင့်လက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ကျေးရွာရှိ ရေဘေးသင့် ပြည်သူများသည် အလှူရှင်များမှ လာရောက်လှူဒါန်းသည့် ကြက်သားဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကိုစားသုံးခဲ့ကြပြီး အစာအဆိပ်သင့်လက္ခဏာများ ဖြစ်ပေါ်ခဲ့ရာ နေပြည်တော်ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များက အဆိုပါကျေးရွာသို့ရောက်ရှိနေပြီး ကုသခြင်း၊ ဆေးရုံသို့ လွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူနာများအနက် တပ်ကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) တွင် ပြင်ပလူနာအဖြစ် ၅၀ ဦးနှင့် အတွင်းလူနာအဖြစ် ၅၆ ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင် ၃၀၀) တွင် အတွင်းလူနာအဖြစ် ၄ဦးနှင့် နေပြည်တော် ကလေးရောဂါအထူးကုဆေးရုံတွင် အတွင်းလူနာအဖြစ် ၅ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး ရောဂါသက်သာကောင်းမွန်လျက်ရှိကြောင်း၊ ယမန်နေ့နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) တွင် ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများမှ ရောဂါသက်သာကောင်းမွန်လာ သူလူနာများသည် ဆေးရုံဆင်းပြီး ၎င်းတို့နေအိမ်အသီးသီးသို့ ပြန်သွားကြပြီးဖြစ်သဖြင့် ဆေးရုံတက်ကုသဆဲ လူနာ ၉ ဦးသာ ကျန်ရှိကြောင်း သိရသည်။

 

ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများ၊ အဖွဲ့အစည်းများမှလည်း မိမိတို့တတ်နိုင်သည့် ဘက်မှ ကူညီပေးခြင်းများ၊ အစားအသောက်ထောက်ပံ့ပေးအပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အနေဖြင့်လည်း ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ သို့သော်လည်း ရေဘေးသင့်ပြည်သူများ အနေဖြင့် သွားလာမှုအနီးအဝေးအပေါ်မူတည်၍ ထောက်ပံ့ရေးပစ္စည်းများ ညီတူညီမျှရရှိမှုမရှိခြင်း၊ အစားအသောက်များထောက်ပံ့ရာတွင် အလှူရှင်များ များပြားကွဲပြားသည့်အတွက် တွဲဖက်၍စားသုံးရန်မသင့် သည်များကို တွဲဖက်စားသုံးမိခြင်း၊ သယ်ယူပို့ဆောင်ရာတွင် သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် အစာအဆိပ် သင့်မှုတို့သည်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများအလိုက် လာရောက်လှူဒါန်းမှုများကို စိစစ်ဆောင်ရွက်သွားရန်လိုပြီး ကြီးကြပ်ရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ရှိသူများအား မှာကြားထားသည်။

 

သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်း များတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ယာယီစခန်းများတွင် လှူဒါန်းထား သော အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့်သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက် ပေးနိုင်ရေး ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post