တပ်ကုန်းမြို့၊ ချောင်းခြားကျေးရွာ၌ ကလေးငယ်အပါအဝင် လူအများအပြား အစာအဆိပ်သင့်မှုဖြစ်ပွား
PUBLISHED - September 18, 2024
နေပြည်တော် စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ကလေးငယ်တချို့အပါအဝင် လူအများအပြား အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တပ်ကုန်းမြို့နယ်၊ ကြိုးကြာအင်းကျေးရွာမှ ချက်ပြုတ်ပေးပို့လှူဒါန်းသည့် ကြက်သားဒံပေါက် စားသုံးခဲ့ကြခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားနှင့် ကလေးငယ်အချို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ပြင်ပလူနာ ၅၀ ဦး၊ ဆေးရုံတင် အတွင်းလူနာ ၆၅ ဦးရှိပြီး ဆေးရုံတင်လူနာများ အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။
နေပြည်တော် ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ရောက်ရှိနေပြီး ပညာပေးခြင်း၊ ကုသခြင်း၊ ဆေးရုံသို့ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia