တပ်ခွဲအဆင့် ISTAR တာဝန်တွေထမ်းဆောင်နိုင်ရေး အသေးစားဒရုန်းနှစ်မျိုး ထုတ်လုပ်ပေးဖို့ ကုမ္ပဏီနှစ်ခုကို အမေရိကန်ကြည်းတပ် လုပ်ငန်းအပ်နှံ
PUBLISHED - September 13, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
တပ်ခွဲအဆင့် စစ်သတင်းထောက်လှမ်းခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်း၊ ပစ်မှတ်ရှာဖွေစုဆောင်းခြင်းနဲ့ ကင်း ထောက်တာဝန်တွေ (ISTAR) ထမ်းဆောင်နိုင်ဖို့အတွက် အသေးစားဒရုန်းတစ်မျိုးထုတ်လုပ်ပေးဖို့ ကုမ္ပဏီနှစ်ခု ကို ရွေးချယ်လိုက်ကြောင်း အမေရိကန်ကြည်းတပ်က ကြေညာလိုက်ပါတယ်။
Anduril Industries ကုမ္ပဏီနဲ့ Performance Drone Works ကုမ္ပဏီတို့ဟာ အမေရိကန်ကြည်းတပ်ရဲ့ ISTAR လိုအပ်ချက်တွေကို ပြည့်မီအောင်ဆောင်ရွက်ပေးဖို့အတွက် Ghost X နဲ့ C-100 ဒရုန်းတွေ ထုတ်လုပ်ပေးဖို့ ၁၀ နှစ်စာ ကန်ထရိုက်စာချုပ်ကို လက်ခံရရှိတာဖြစ်ပါတယ်။
အဲဒီဒရုန်းတွေဟာ စစ်ဆင်ရေးအခြေအနေအမျိုးမျိုးမှာ တိုက်ပွဲဝင်နေတဲ့ တပ်မတိုက်ခိုက်ရေးအဖွဲ့တွေကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။
ငါးလအတွင်း အသေးစိတ်ဆန်းစစ်လေ့လာအကဲဖြတ်ခဲ့သလို သရုပ်ပြပျံသန်းမှုတွေ ဆောင်ရွက်ပြီးမှ အဲဒီ ကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း စီမံချက်အမှုဆောင်အရာရှိ ဗိုလ်မှူးချုပ်ဒေးဗစ်ဖိလစ်က ပြော ပါတယ်။
သမိုင်းမှတ်တိုင်ဖြစ်တဲ့ဒီသဘောတူစာချုပ်ဟာ စစ်သည်တွေအတွက် နည်းပညာသစ်တွေကို လျင်မြန်စွာ ထောက်ပံ့ပေးဖို့ သဘောတရားကနေ လက်တွေ့ကို အလျင်အမြန် ကူးပြောင်းလိုက်တဲ့ အမေရိကန်ကြည်းတပ် စွမ်းရည်ရဲ့ ဥပမာတစ်ရပ်ဖြစ်ကြောင်း အမေရိကန်ကြည်းတပ်စစ်လက်နက်ရှာဖွေစုဆောင်းရေးလက်ထောက် အတွင်းဝန် ဒေါက်ဂလပ်ဘုရှ်က ပြောပါတယ်။
“အခုလိုမောင်းသူမဲ့လေယာဉ်အငယ်စားလို တဟုန်ထိုးတိုးတက်လာတဲ့နည်းပညာနယ်ပယ်မှာ ကြည်းတပ်ကို ထောက်ပံ့ဖို့အတွက် စစ်လက်နက်ရှာဖွေစုဆောင်းရေးစနစ်က လိုအပ်တဲ့ အရှိန်အတိုင်း ဆောင်ရွက်နိုင်တယ်ဆို တာ ဒီလုပ်ငန်းက သက်သေပြလိုက်တာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ စတင်ထုတ်ဖော်ပြသလိုက်တဲ့ Anduril ကုမ္ပဏီထုတ် Ghost X ဒရုန်းဟာ ပြည်ပနိုင်ငံစစ်ဆင် ရေးတွေဆောင်ရွက်ရာမှာ ကင်းထောက်တာဝန်နဲ့ တပ်ဖွဲ့ဝင်တွေ ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး ဒီဇိုင်းရေး ဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဘက်ထရီနှစ်လုံးတပ်ဆင်ထားတဲ့ Ghost X ဒရုန်းဟာ ၇၅ မိနစ် ကြာပျံသန်းနိုင်ပြီး အလေးချိန် ၉ ကီလိုဂရမ် (ပေါင် ၂၀ ) သယ်ဆောင်နိုင်ပါတယ်။ တာဝေးဆက်သွယ်ရေးစနစ်တွေတပ်ဆင်ထားတဲ့အတွက် Ghost X ဒရုန်းဟာ ၂၅ ကီလိုမီတာ (၁၅.၅ မိုင်) အထိ ပျံသန်းနိုင်ပါတယ်။
Performance Drone Works ကုမ္ပဏီထုတ် C-100 ဒရုန်းကတော့ ၇၄ မိနစ်ကြာပျံသန်းနိုင်ပြီး အကွာအဝေး ၁၀ ကီလိုမီတာ (၆.၂ မိုင်) အထိ ပျံသန်းနိုင်ပါ တယ်။ C-100 ဒရုန်းဟာ အလေးချိန် ၆.၈ ကီလိုဂရမ် (၁၅ ပေါင်) သယ်ဆောင်နိုင်ပါတယ်။
C-100 ဒရုန်းဟာ စစ်ရေးပစ်မှတ်တွေကို ရှာဖွေစုဆောင်းပေးနိုင်ပြီး နည်းဗျူဟာမြောက်စစ်သတင်းထောက်လှမ်း ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ကြောင်း Performance Drone Works ကုမ္ပဏီက ပြောပါတယ်။
Ref: US Army Selects Two Firms for Company-Level ISTAR Drone Program
#PeopleMedia