တပ်ဖွဲ့ဝင်သစ်စုဆောင်းမှုအခက်အခဲကြောင့် တပ်ဖွဲ့ဝင်သစ်တွေကို အထက်တန်းအောင်လက်မှတ်မလိုဘဲ အမေရိကန်ရေတပ်က လက်ခံတော့မည်
PUBLISHED - January 30, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀
အမေရိကန်ရေတပ်ဟာ တပ်ဖွဲ့ဝင်သစ်စုတွေ စုဆောင်းရာမှာ ပိုမိုစွဲဆောင်နိုင်ဖို့အတွက် တပ်ဖွ့ဲဝင်သစ်လိုအပ် ချက်တွေကိုလျှော့ချထားပြီး အထက်တန်းအောင်လက်မှတ်မရှိတဲ့ ပြည်သူတွေကို ရေတပ်ကို ဝင်ရောက်ခွင့်ပြု သွားမှာဖြစ်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
အမေရိကန်ရေတပ်ဟာ ၂၀၂၃ ခုနှစ်အတွက် ရေတပ်ဖွဲ့ဝင်လိုအပ်ချက် ၇၀၀၀ ပြည့်မီအောင် မစုဆောင်းနိုင်ခဲ့တဲ့ အတွက် ရေတပ်တပ်ဖွဲ့ဝင်အသစ်တွေရရှိဖို့ တောက်လျှောက်ကြိုးစားရုန်းကန်နေရပါတယ်။
အရည်အချင်းသတ်မှတ်ချက် ၉၉ ချက်ရှိတဲ့အနက်က အချက် ၅၀ ဒါမှမဟုတ် ၅၀ နဲ့အထက်ရရှိသူတွေကို အ ထက်တန်းအောင်လက်မှတ်မရှိဘဲ ရေတပ်အတွက် တပ်ဖွဲ့ဝင်သစ်တွေအဖြစ် လက်ခံသွားမှာဖြစ်ကြောင်း ရေ တပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ရစ်ခ်ချိစ်မန်းက ပြောပါတယ်။
“နှစ်တိုင်းလိုလို ရေတပ်ထဲဝင်ရောက်ချင်တဲ့လူငယ်တွေ အများအပြား တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးဌာနချုပ်တွေ မှာရောက်ရှိလာပေမဲ့ အထက်တန်းအောင်လက်မှတ်မပါလာကြပါဘူး။ ဒါနဲ့ပဲ အဲဒီလို ရေတပ်ဝင်ချင်တဲ့လူငယ် တွေကို ကျွန်တော်တို့ လက်မခံဘဲ ပြန်လွှတ်ခဲ့ကြရတယ်။” လို့ ၎င်းက AP သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အထက်တန်းအောင်လက်မှတ်မပါတဲ့ လူငယ် ၂၄၀၀ ကျော်ကို စည်းကမ်းနဲ့မညီညွတ်တဲ့အတွက် ရေတပ်ထဲဝင်ရောက်ခွင့် မပြုခဲ့ကြောင်း၊ အဲဒီအထဲက လူငယ် ၅၀၀ ကျော်ဟာ အရည်အချင်းသတ်မှတ်ချက်စမ်း သပ်စစ်ဆေးမှုမှာ အဆင့်မြင့်မြင့် အမှတ်ကောင်းကောင်း ရရှိခဲ့ကြောင်း သိရပါတယ်။
အခုပြင်ဆင်ချက်အသစ်ကို စတင်ကျင့်သုံးပြီဆိုတာနဲ့ အမေရိကန်ရေတပ်ဟာ အထက်တန်းအောင်မြင်ကြောင်း ပညာရေးအထောက်အထားလက်မှတ်မပါဘဲ တပ်ဖွဲ့ဝင်သစ်တွေကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်လက်ခံ တော့မှာဖြစ်ပါတယ်။
အမေရိကန်ရေတပ်က တပ်ဖွဲ့ဝင်သစ်တွေစုဆောင်းရာမှာ အထက်တန်းအောင်လက်မှတ်ပါတဲ့ လူငယ်တွေကို သာလက်ခံတဲ့စနစ်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။
အမေရိကန်တပ်မတော်မှာ အခုလိုအဆင့်နှိမ့်ပြီး တပ်ဖွဲ့ဝင်သစ်စုဆောင်းတာဟာ ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်ပြီး တခြားတပ်ဖွဲ့တွေက အဲဒီအစီအစဉ်မျိုးကို ပယ်ချထားပါတယ်။
သတ်မှတ်အရည်အချင်းမပြည့်မီဘဲ စုဆောင်းရရှိထားတဲ့ တပ်ဖွဲ့ဝင်သစ်တွေဟာ ပိုမိုစည်းကမ်းဖောက်ဖျက်နိုင် ဖွယ်ရှိပြီး အခြေခံစစ်သင်တန်းကနေ ထုတ်ပယ်ခံရနိုင်ဖွယ်ရှိမယ့်အရေးကို တပ်မတော်ထိပ်တန်းအရာရှိကြီးတွေ က စိုးရိမ်ပူပန်နေပါတယ်။
အဲဒီအန္တရာယ်တွေကို သဘောပေါက်ပေမဲ့လည်း တပ်ဖွဲ့ဝင်သစ်တွေ ပိုမိုရရှိဖို့နဲ့ စစ်ဆင်ရေးလိုအပ်ချက်တွေ ပြည့်မီဖို့အတွက် ရေတပ်အနေနဲ့ အခုလိုပြင်ဆင်ချက်ကိုဆောင်ရွက်ရတာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရစ်ခ်ချိစ် မန်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ပယ်ချခဲ့တဲ့ လျှောက်လွှာရှင် လူငယ် ၂၄၀၀ ကို ပြန်လည်ခေါ်ယူပြီး စမ်းသပ်စစ်ဆေးမှုတွေ ဖြေဆိုခိုင်းမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ တပ်ဖွဲ့ဝင်သစ်တွေလိုနေပါတယ်။ ရေတပ်အတွက် တပ်ဖွဲ့ဝင်အင်အား ၄၀၆၀၀ ရအောင်ဆောင် ရွက်ဖို့ စုဆောင်းရေးတပ်မှူးတွေကို ကျွန်တော်တို့ ပြောသွားမှာပါ။ အဲဒီလောက် အင်အားအများကြီး ရလိမ့်မယ် လို့ ကျွန်တော်တို့ အပြည့်အဝ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ တတ်နိုင်သလောက် ကျွန်တော်တို့ ကြိုးစားဆောင် ရွက်သွားရမှာဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးချိစ်မန်းက ပြောပါတယ်။
Ref: US Navy to Allow High School Dropouts to Enlist Amid Recruitment Shortfalls
#PeopleMedia