တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကိုတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ပြောကြား
PUBLISHED - May 4, 2024
နေပြည်တော်၊ မေ ၄
တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃)၊ ရဲသီဟ တပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို နောင်တော်တပ်မ တော်နှင့်အတူ ဆောင်ရွက် နေကြတာဖြစ်သည့်အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အောင် မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အသက်နှင့် ခန္ဓာကိုယ် စွန့်လွတ်စွန့်စားရဲသည့် ရဲစွမ်းသတ္တိများနှင့် ပြည့်စုံနေစေဖို့ မှာကြားလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရမည့်အပြင် ပြည်သူများ စိတ်အေးချမ်းသာယာစွာဖြင့် အသက်မွေးဝမ်းကြောင်း မှုကို ကောင်မွန်စွာလုပ်ကိုင်နေထိုင်နိုင်ရန်အတွက် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်(၆)ရပ်အား မိမိတာဝန်ယူရသည့်နယ်မြေအတွင်း ဒေသနှင့် ကိုက်ညီသည့် နည်းလမ်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောသည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက် သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေး လုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ ဝင်များအနေဖြင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိပကတိအခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လည်း ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို သိရှိနားလည်ပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက် ကြဖို့ လိုအပ်ကြောင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော် တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း စသည်ဖြင့် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၁၁၆) ရဲသီဟတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၂၃၂) ဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား(၂)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး(၁၁၀)ဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း (၃၄၅)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။
#PeopleMedia